◾️ နိုင်ဂျားအာဏာသိမ်းအစိုးရအပေါ် အာဖရိကနိုင်ငံများအတွင်း သဘောထားကွဲပြား

၃၀.၈.၂၀၂၃.
Translated by Htwe Ko Tun

နိုင်ဂျားနိုင်ငံတွင် အာဏာသိမ်းအစိုးရက အမေရိကန်၊ ပြင်သစ်၊ ဂျာမနီနှင့် နိုင်ဂျီးရီးယားသံအမတ်များကို နိုင်ငံမှ ၄၈ နာရီအတွင်း ပြန်လည်ထွက်ခွာရန် ဩဂုတ် ၂၅ ရက်က အမိန့်ထုတ်ခဲ့သော်လည်း ပြင်သစ်သံအမတ်က ထိုအမိန့်အားဖီဆန်ကာ နိုင်ဂျားနိုင်ငံအတွင်း ဆက်လက်နေထိုင်နေသေးကြောင်း သိရသည်။

အာဏာသိမ်းအစိုးရ၏ နိုင်ငံခြားရေးဝန်ကြီးက ပြုလုပ်သောဆွေးနွေးပွဲတစ်ခုသို့ တက်ရောက်ရန် ပြင်သစ်သံအမတ် ဆီလ်ဗိန်းအစ်တီက ငြင်းဆိုခဲ့ခြင်းအပြင် ပြင်သစ်အစိုးရက နိုင်ဂျားနိုင်ငံ၏အကျိုးစီးပွားကို ထိခိုက်ဆန့်ကျင်သည့် လုပ်ဆောင်မှုများလည်း ပြုလုပ်နေ၍ဆိုကာ နိုင်ဂျားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြင်သစ်သံအမတ်ကို နိုင်ဂျားနိုင်ငံမှ နှင်ထုတ်ခဲ့ခြင်းဖြစ်သည်။

ပြင်သစ်သမ္မတ အီမာနျူရယ်မက်ခရွန်က နိုင်ဂျားအစိုးရ၏ သတ်မှတ်ရက်ကျော်လွန်သည့်တိုင်အောင် ပြင်သစ်သံအမတ် အစ်တီက နိုင်ဂျားမှ ပြန်လည်ထွက်ခွာလိမ့်မည်မဟုတ်ကြောင်း ဩဂုတ် ၂၈ ရက်တွင် ပြောခဲ့သည်။ ပြင်သစ်အစိုးရက နိုင်ဂျာနိုင်ငံ၏ အာဏာသိမ်းစစ်ဘက်ခေါင်းဆောင်များကို အသိအမှတ်မပြုသည့်အပြင် အာဏာသိမ်းအစိုးရက ဇူလိုင်လအတွင်းက ဖြုတ်ချခဲ့သော သမ္မတ မိုဟာမက်ဘာဇွန်ကသာ နိုင်ဂျားနိုင်ငံ၏ တရားဝင်အာဏာပိုင်အစိုးရဟု ထပ်ခါတလဲလဲ ပြောကြားခဲ့သည်။

နိုင်ဂျားနိုင်ငံက ယခင်အစိုးရလက်ထက်တွင် ဒေသအတွင်း၌ ပြင်သစ်နိုင်ငံ၏ မိတ်ဖက်နိုင်ငံတစ်နိုင်ငံအဖြစ် တည်ရှိခဲ့ကာ ပြင်သစ်တပ်ဖွဲ့ဝင် ၁,၅၀၀ ခန့်က ယခုတိုင် နိုင်ဂျားနိုင်ငံ၌ တပ်ချထားသည်။ ဥရောပသမဂ္ဂ နိုင်ငံခြားရေးရာနှင့် လုံခြုံရေးမူဝါဒအတွက်ပြောရေးဆိုခွင့်ရှိသူ နာဘီလာ မတ်စ်ရာလီကလည်း ဥရောပသမဂ္ဂအနေဖြင့် ပြင်သစ်သံအမတ်ဘက်မှ အပြည့်အဝထောက်ခံကြောင်း၊ ဤကဲ့သို့ သံတမန်တစ်ဦးကို ပြန်လည်နှင်ထုတ်မှုက ပြဿနာကို သံတမန်နည်းလမ်းဖြင့် အဖြေမရှာဘဲ ရန်စမှုနည်းလမ်းသာဖြစ်ကြောင်း ဩဂုတ်လ ၂၈ ရက်တွင် ပြောကြားခဲ့သည်။

ဇူလိုင်လအတွင်းက နိုင်ဂျားနိုင်ငံတွင် အာဏာသိမ်းမှုဖြစ်ပွားအပြီးတွင် ပြင်သစ်နှင့် ဥရောပသမဂ္ဂတို့က ငွေကြေးထောက်ပံ့မှုများရပ်ဆိုင်းခြင်းအပါအဝင် နိုင်ဂျားနိုင်ငံကို ပိတ်ဆိုမှုများပြုလုပ်ခဲ့သည်။ သို့သော် နိုင်ငံ၏ မာရာဒီနှင့် တီလ်လာဘီရီ ဒေသများတွင် ဩဂုတ် ၂၇ ရက်က အာဏာသိမ်းအစိုးရကိုထောက်ခံကြောင်း ဆန္ဒပြပွဲများပြုလုပ်ခဲ့ကြသည်ကို တွေ့ရသည်။ ထိုပြင် နိုင်ဂျား၏ အိမ်နီးချင်းများဖြစ်သော ဘီနင်နိုင်ငံနှင့် ဘာကီနာဖာဆိုနိုင်ငံတို့တွင်လည်း နိုင်ဂျားနိုင်ငံ၌ စစ်အစိုးရအုပ်ချုပ်မှုကိုထောက်ခံကြောင်း ပြည်သူအချို့က လွန်ခဲ့သည့်ရက်သတ္တပတ်အကုန်တွင် ဆန္ဒပြခဲ့ကြသေးသည်။

နိုင်ဂျားအာဏာသိမ်းအစိုးရကို ဘာကီနာဖာဆိုနိုင်ငံနှင့် မာလီနိုင်ငံအစိုးရများက အပြည့်အဝထောက်ခံလျက်ရှိကြသည်။ အနောက်အာဖရိကနိုင်ငံများအုပ်စုဖြစ်သော ECOWAS က သမ္မတဟောင်း ဘာဇွန်ကို ပြန်လည်တင်မြှောက်ရန် နိုင်ဂျားနိုင်ငံကို ခြိမ်းခြောက်မှုပြုနေသကဲ့သို့ စစ်ရေးစွက်ဖက်မှုပြုလာက ၎င်းတို့ကလည်း နိုင်ဂျားနိုင်ငံဘက်မှ စစ်ရေးအကူအညီပေးသွားမည်ဟု ကတိပေးထားကြသည်။

Ref—-CNN

Leave a Reply

Your email address will not be published. Required fields are marked *