၃၀.၈.၂၀၂၃
Written By Thandar

ပရိသတ်ချစ်ခင်မှုရရှိထားတဲ့ အနုပညာရှင်ချစ်သူစုံတွဲဖြစ်တဲ့ အဆိုတော် ရဲရင့်အောင်နဲ့ သရုပ်ဆောင် ဧငြိမ်းဖြူတို့က လမ်းခွဲခဲ့တယ်ဆိုပြီး လိုင်းပေါ် Page တစ်ခုက ကောလာဟလ ပြောနေတာတွေက အမှန်မဟုတ်သလို ဧငြိမ်းဖြူနဲ့ ဖူးစာပါသည်ဖြစ်စေ မပါသည်ဖြစ်စေ ရဲရင့်အောင်ကို သားတစ်ယောက်လို ချစ်ပါတယ်လို့ ဒါရိုက်တာသီတာလင်းက ဖွင့်ဟလာပါတယ်။

“သမီးလေးရဲ့ Relationship နဲ့ ပတ်သက်ပြီး ကျွန်မတို့က ပွင့်ပွင့်လင်းလင်းပဲ။ သူတို့က ရန်ဖြစ်လိုက် စကားများလိုက် သမားရိုးကျဖြစ်နေကြပဲလေ။ သမီးရည်းစားဆိုတော့ သူတင်ကိုယ်တင်အပြန်အလှန်ပေါ့။ အခန့်မသင့်တာလည်း ရှိမှာပေါ့။ ကလေးတွေရဲ့ သဘောသဘာဝပဲလေ။ မလိုအပ်တဲ့ဘေးစကားတွေကြောင့် ရဲရင့်အောင်နဲ့ ဧငြိမ်းဖြူ လမ်းမခွဲစေချင်ဘူး။ အဆင်ပြေစေချင်တာ။ ဒါပေမယ့် ကျွန်မတို့ကြားက ဘာမှဝင်လုပ်လို့မရဘူးလေ။ ဒီသတင်းတွေကို ကြည့်ပြီး ကျွန်မ ၂ ရက်လောက် လဲသွားတယ်။ အက်ရှင်ဇာတ်လမ်းတွဲကို မနက်ရော ညရော ရိုက်နေရတယ်။ အိပ်ချိန်နည်းနေချိန်မှာ ဝေဖန်မှုတွေ တွေ့တော့ ကျွန်မအရမ်းအံ့သြသွားတယ်။ ရဲရင့်အောင် ဖုန်းဆက်တော့လည်း သားဘာမှဖြေမထားဘူး ပြန်ပြောတယ်။ ကျွန်မတို့ အနုပညာလောကသက်တမ်းတစ်လျှောက်မှာ နာမည်ပျက်မရှိဘူး။ ခုလိုဖြေရှင်းတာလည်း အမေတစ်ယောက်အနေနဲ့ ကာကွယ်ပေးတာပါ။ ရဲရင့်အောင်ကို သားအရင်းတစ်ယောက်လို ချစ်တာပါ”လို့ ဒါရိုက်တာ သီတာလင်းက ပြောပါတယ်။

ရဲရင့်အောင်နဲ့ ဧငြိမ်းဖြူ လမ်းခွဲခဲ့တယ်ဆိုပြီး လိုင်းပေါ် Page တစ်ခုက အဆိုတော် ရဲရင့်အောင်ကို လက်ထဲငွေ ၂ သောင်းခွဲပဲရှိပြီး ဆင်းရဲသွားလို့ ချစ်သူကို ဆုံးရှုံးလိုက်ရတယ်ဆိုပြီး ဖော်ပြထားတဲ့အတွက် မိခင်တစ်ယောက်အနေနဲ့ စိတ်တိုဒေါသထွက်ခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါရိုက်တာ သီတာလင်းတို့မိသားစုကို ဝေဖန်မှုတွေရှိလာတဲ့အတွက် Page က ပြန်ဖြုတ်ဖို့တောင်းဆိုပေမယ့် ပြန်လည်ဖြေရှင်းပေးခြင်းမရှိဘူးလို့ သိရပါတယ်။

“အမေတစ်ယောက်အနေနဲ့ ကောင်းတာတွေပဲ ဖျန်ဖြေပြောပေးဖြစ်တယ်။ နှစ်ဖက်လုံးကို မျှမျှတတ ပြောတယ်။ ဘာမှလည်း အမေတစ်ယောက်အနေနဲ့ မစွက်ဖက်ဘူး။ သမီးရည်းစားတွေလေ။ ဖူးစာပါရင် ပေါင်းရမယ်။ ဖူးစာမပါရင်တော့ မပေါင်းရဘူးပေါ့။ မိခင်အနေနဲ့ ပြေရာပြေကြောင်းပြောတာပါ။ သားကိုလည်း ကိုယ့်သားအရင်းလိုချစ်တယ်။ သူကလည်း ကျွန်မပြောစကားနားထောင်တယ်။ အမေနဲ့သားလို Relationship ပါ။ သူ့ဘဝဇာတ်ကြောင်းကို ဖြေတာပဲ။ သူအရမ်း ကြိုးစားတယ်။ တကယ်လည်း အခက်အခဲတွေ အများကြီး ရင်ဆိုင်ခဲ့ရတယ်။ ဘယ်လိုဖြစ်လို့ ကျွန်မသမီးက ပါသွားတာတုန်း။ သူ့ဘေးမှာ ဝန်းရံခဲ့တာ ကျွန်မတို့ မိသားစုလေ။ ဒီကလေးကိုလည်း အပြစ်မပြောဘူး။ ဘာကြောင့် မိသားစုတွေ အဖုအထစ်တွေဖြစ်အောင်မလုပ်ဖို့ ကျွန်မမေတ္တာရပ်ခံပါတယ်”လို့ သူမက ဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *