၃၀.၈.၂၀၂၃
Written By Thandar

မြန်မာ့ရိုးရာ ယဥ်ကျေးမှုအမွေအနှစ်ကိုထိန်းသိမ်းပြီး ဇာတ်မင်းသား၊ အငြိမ့်မင်းသမီးတွေ ထွက်ပေါ်လာစေဖို့ ရည်ရွယ်ချက်နဲ့ “သဘင်စတား” ပြိုင်ပွဲကို မကြာခင်တင်ဆက်သွားမှာဖြစ်တယ်လို့ ဒိုင်အဖြစ် ဆောင်ရွက်မယ့် မင်းသားတင်မောင်ဆန်းမင်းဝင်းက MT News ကို ပြောပါတယ်။

“ကိုယ့်ယဥ်ကျေးမှုတွေ ဖျက်စီးနေလား။ ရောက်ပြီလား၊ မရောက်သေးဘူးလား အဲ့လိုအတိုင်းအတာနဲ့ ကျွန်တော်တို့ ရှေ့ ဆက်သွားရမှာဖြစ်ပါတယ်။ ခုဟာ Contemporary ပြိုင်ပွဲအနေနဲ့ သဘင်စတားပြုလုပ်တာ ဖြစ်ပါတယ်။ ပါဝင်ယှဥ်ပြိုင်ကြဖို့လည်း အများကြီးပဲ ဖိတ်ခေါ်အပ်ပါတယ်။ အနောက်တိုင်းအကတွေ ခေတ်စားနေတဲ့အချိန်မှာ အနောက်အကနဲ့အတူတူ မြန်မာအကတွေလည်း ပါသွားစေချင်တဲ့ ဆန္ဒပါ။ ဒီဆန္ဒနဲ့အတူ ပြိုင်ပွဲကို စီစဥ်ဖြစ်တာ ဖြစ်ပါတယ်။ တကယ်စိတ်ဝင်စားတဲ့ အနုပညာသည်တွေ လိုအပ်ပါတယ်။ ကျွန်တော်တို့က နောက်လာမယ့် မင်းသားတွေ ထပ်ပေါ်စေချင်ပါသေးတယ်။ ကျွန်တော်တို့ကပဲ ကနေလို့ ကျန်နေတာလား။ တချို့က မိတ်ကပ်လိမ်းလိုက်ရင်ကို ရှက်ကြတာပါ။ ဒီလူကြီးက အခြောက်ကြီးလား။ အဲဒီလိုအနေအထားရှိပေမယ့် ကျွန်တော် မြတ်နိုးတယ်။ အနုပညာ ဇာတ်သဘင်ကိုမြတ်နိုးတာဖြစ်တဲ့အတွက် အနောက်ပိုင်းအကနဲ့ မြန်မာအကကို ရောပါစေချင်တာပါ”လို့ မင်းသားတင်မောင်ဆန်းမင်းဝင်းက ပြောပါတယ်။

အဆိုပါ ပြိုင်ပွဲမှာ ဒိုင်များအနေနဲ့ တင်မောင်ဆန်းမင်းဝင်း၊ ရေကြည်ချမ်းမြ၊ နန်းဝင်း၊ ပတ္တမြားကေခိုင် စတဲ့ အသိပညာရှင် အတတ်ပညာရှင်တွေနဲ့ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ သဘင်စတားပြိုင်ပွဲကို Fortune TV ကနေ တင်ဆက်ပြသသွားမှာဖြစ်ပြီး ကျင်းပမယ့်အချိန်ကို မကြာခင်မှာ ပရိသတ်ကို အသိပေးသွားမယ်လို့ သိရပါတယ်။

“ပြိုင်ပွဲဝင်တွေက နှစ်ပါးခွင်အနေနဲ့ နှစ်ပါးသွားအကတွေနဲ့ ယှဥ်ပြိုင်ရမှာဖြစ်ပါတယ်။ နှစ်ပါးသွားဖျော်ဖြေအပြီးမှာပဲ ပြိုင်ပွဲဝင်တွေက နောက်တစ်ဆင့်တက်လှမ်းနိုင်မှာကို ကြေညာသွားမှာ ဖြစ်ပါတယ်။ ကျန်ရှိတဲ့ အယောက် ၅၀ ကျော် ကျန်ရှိနေရင် ရှိုးတွေမှာလည်း ဖျော်ဖြေရေးမှာ ယိမ်းကြီး ၅ ယိမ်း ဆက်လက်ပါဝင်ရမှာ ဖြစ်ပါတယ်။ ပုဂံယိမ်း၊ သင်္ကြန်ယိမ်း၊ တောင်သူ လယ်သမားယိမ်း စသဖြင့်ပြိုင်ပြီး နောက်တစ်ဆင့် တက်လှမ်းနိုင်မယ့်သူကို ကျွန်မတို့ ဆုတွေကြေညာသွားမှာဖြစ်ပါတယ်။ နောက်ဆုံးအဆင့် Top Ten ကျား ၅ ယောက် မ ၅ ယောက် Contemporary နဲ့ Professional ဆက်တက်လှမ်းခွင့်ရမှာပါ”လို့ အဆိုပါပြိုင်ပွဲရဲ့ တာဝန်ရှိသူ ထုတ်လုပ်မှုဒါရိုက်တာ မပတ္တမြားကေခိုင်က MT News ကို ပြောပါတယ်။

Winner ဆုရရှိသူကတော့ ဆုကြေးငွေအပြင် သဘင်လမ်းမှာ လျှောက်လှမ်းနိုင်မယ့် အခွင့်အရေးတွေကို အများကြီး ပေးအပ်သွားမယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *