◾️ မြန်မာတက္ကသိုလ်များပါဝင်သည့် အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများတွင်လည်း တက်ကြွစွာ ပါဝင်ဆောင်ရွက်လိုဟု ထည့်သွင်းပြောကြား

၃၀.၈.၂၀၂၃
Written by Peya

မကြာမီက ဖွင့်ခဲ့သော စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တွဲဖက်အထက်တန်းကျောင်း ၅၁ ကျောင်းအတွက် အထောက်အပံ့များလိုအပ်ပြီး ဆရာ၊ ဆရာမများကိုလည်း တရုတ်နှင့် အာဆီယံနိုင်ငံများသို့ လေ့လာရေးခရီးစေလွှတ်ရန် စိတ်ဝင်စားကြောင်း ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွေ့ကျိုးပြည်နယ် ကွေ့ရမ်မြို့ ရှိ ပြည်နယ်ခန်းမ၌ ကျင်းပသည့် ၂၀၂၃ ခုနှစ်၊ တရုတ်-အာဆီယံပညာရေး ပူးပေါင်းဆောင်ရွက်ရေး ရက်သတ္တပတ်အခမ်းအနားသို့ တက်ရောက်မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်းပြောကြားသည်။

တရုတ်နိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ကမ္ဘာရွာခေတ်ကြီးတွင် အလားအလာကောင်းများ ပိုင်ဆိုင်မည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံသည် တစ်နိုင်ငံနှင့်တစ်နိုင်ငံအကြား ပညာ ရှင်များဖလှယ်ရန်၊ စွမ်းရည်မြှင့်တင်ပေးရန်နှင့် ယဉ်ကျေးမှုများ အပြန်အလှန်နားလည်စေရန်ရည်ရွယ်ပြီး ပညာရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ခြင်း၊ နိုင်ငံသားများ အခွင့်အလမ်းကောင်းရရှိစေရန် လမ်းဖွင့်ပေးခြင်းတို့ကို နှစ်နိုင်ငံ အတူတကွ လက်တွဲဆောင်ရွက်ခဲ့ကြကြောင်း၊ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် ဘာသာစကား အပြန်အလှန်သင်ယူရေးနှင့် ယဉ် ကျေးမှုဖလှယ်ရေး အစီအစဉ်များကို အားပေးမြှင့်တင်ပေးလျက်ရှိကြောင်း၊ ယခုလို ဆောင်ရွက်ပေးခြင်းဖြင့် နှစ်နိုင်ငံပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မာစေပြီး လူမှုဆက်ဆံရေးနှင့် စီးပွားရေးဆက်သွယ်ဆောင်ရွက်မှုတို့ကို ပိုမိုကောင်းမွန်စေမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

နှစ်နိုင်ငံအကြားပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်မည့်အလားအလာများသည် အတိုင်းအတာမရှိ ကျယ်ပြန့်လှကြောင်း၊ မြန်မာနိုင်ငံ၏ ခရိုင် ၅၀ တွင် မကြာသေးခင်က ဖွင့်လှစ်ခဲ့သည့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တွဲဖက်အထက် တန်းကျောင်း ၅၁ ကျောင်းတို့အတွက် နည်းပညာအထောက်အပံ့များ လိုအပ်လျက်ရှိကြောင်း၊ ကျန်ရှိသော ၇၅ ခရိုင်တွင်လည်း စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တွဲဖက်အထက်တန်းကျောင်းများ တိုးချဲ့ဖွင့်လှစ်သွားရန် အစီအစဉ်ရှိကြောင်း၊ ဆရာ၊ ဆရာမများကို တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အာဆီယံနိုင်ငံများသို့ လေ့လာရေးခရီးစဉ် စေလွှတ်နိုင်ရန်လည်း ပညာရေးဝန်ကြီး ဌာနအနေဖြင့် အထူးစိတ်ဝင်စားပါကြောင်း၊ ယင်းအပြင် မြန်မာတက္ကသိုလ်များပါဝင်သည့် အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများတွင်လည်း တက်ကြွစွာ ပါဝင်ဆောင်ရွက်လိုကြောင်း၊ အဆိုပါဆောင်ရွက်မှုများတွင် အကျိုးတူ သုတေသနဆောင်ရွက်မှုအစီအစဉ်များ၊ ဆရာ၊ ဆရာမဖလှယ်ရေး အစီအစဉ်များ၊ ကျောင်းသားများ ကျောင်းပြောင်းရွှေ့ သင်ယူနိုင်မည့်အစီအစဉ်များ၊ နှီးနှောဖလှယ်ပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများနှင့် ညီလာခံများ ကျင်းပခြင်းတို့ပါဝင်ကြောင်း ပြည်ထောင်စုဝန်ကြီးက ထည့်သွင်းပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *