၂၉. ၈. ၂၀၂၃
Written by Peya

မြန်မာ့မြေပေါ်တွင် အစောဆုံး ထွန်းကားခဲ့သည့် ယဉ်ကျေးမှုတစ်ခုဖြစ်သော ပျူယဉ်ကျေးမှုနှင့် ပတ်သက်သည့် မှားယွင်းဖော်ပြခဲ့မှုများ၊ သက်တမ်း အမှားများ၊ ကွက်လပ်များကို ပြင်ဆင် ဖြည့်စွက်ရန်အတွက် တာဝန်ရှိသူများ ကြိုးပမ်းနေကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနထံက သိရသည်။

“ပျူခေတ်ဆိုင်ရာ အထောက်အထား အချက်အလက် ဆွေးနွေးပွဲ”ကို ဩဂုတ် ၂၉ ရက် နံနက် ၁၀ နာရီက ရန်ကုန်မြို့၊ ပြည်လမ်းရှိ အမျိုးသားပြတိုက် (ရန်ကုန်)၌ ကျင်းပခဲ့ပြီး အဆိုပါပွဲသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဒေါ်နုမြဇံ တက်ရောက် အမှာစကား ပြောကြားသည်။

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့် မြန်မာသမိုင်းစဉ်နှင့် ပတ်သက်၍ မှတ်တမ်းများကို ပြုစုနေကာ အဆိုပါ မှတ်တမ်းများကို ထုတ်ဝေသွားရန် အစီအစဉ် ရှိနေကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံ၏ သမိုင်းစဉ်ကို ခိုင်ခိုင်မာမာ ကိုးကားစရာ အနေနှင့် အနောက်တိုင်းသမိုင်းဆရာများ ရေးသားသည့် ခေတ်နောက်ကျနေပြီဖြစ်သော မြန်မာ့သမိုင်း စာအုပ်များနှင့် လွန်ခဲ့သော နှစ် ၅၀ ကျော်က ရေးသားခဲ့သည့် “အခြေပြ မြန်မာနိုင်ငံရေး သမိုင်း” သာရှိကြောင်း၊ နောက်ပိုင်းတွင် ပြည်တွင်း/ပြည်ပ ပညာရှင်များ၏ ဘာသာရပ်အလိုက် ကွင်းဆင်းလေ့လာ သုတေသနပြုအသစ် တွေ့ရှိချက်များ၊ ပြည်ပဓာတ်ခွဲခန်းများမှ သိပ္ပံနည်းကျ သက်တမ်း တွက်ချက်မှုများကြောင့် ပျူယဉ်ကျေးမှုနှင့် ပတ်သက်သည့် မှားယွင်းဖော်ပြခဲ့မှုများ၊ သက်တမ်း အမှားများ၊ ကွက်လပ်များကို ပြင်ဆင်ဖြည့်စွက်ရန် လိုအပ်လာပြီဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဒေါ်နုမြဇံက အဆိုပါပွဲတွင် ပြောကြားသည့် အမှာစကား၌ ထည့်သွင်း ပြောကြားသည်။

ပျူမြို့ဟောင်းများနှင့်အတူ ဆက်နွှယ်နေသည့် ရှေးဦးမြို့ပြ တည်ဆောက်မှုပုံစံ၊ အဆောက်အဦတည်ဆောက်မှု ဗိသုကာလက်ရာများ၊ ပျူခေတ်ကာလ၏ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ စီးပွားရေးနှင့် ဝတ်စားဆင်ယင်မှုများ၊ ရေကို လိုသလိုဖန်တီးအသုံးချမှုနှင့် ရေစီမံခန့်ခွဲမှုများ၊ ကိုးကွယ်ယုံကြည်မှုနှင့် ဓလေ့ထုံးစံများ၊ လက်မှုလုပ်ငန်းများ၊ ကျောက်ဆစ်လက်ရာများ၊ ပျူဂီတနှင့် တူရိယာများ၊ စာပေ အထောက်အထားများ စသည်ဖြင့် သုတေသနပြု တွေ့ရှိထားသည့် အထောက်အထား အချက်အလက်များကို ဖြည့်စွက်၍ ထည့်သွင်း ရေးသားဖော်ပြထားသည့် စာတမ်းမူကြမ်းကို တက်ရောက်လာကြသည့် ပညာရှင်များက အကြံပြု ဆွေးနွေးခဲ့ကြကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *