၃. ၁၁. ၂၀၂၂

Written By A Thaung

နိုဝင်ဘာ ၁ ရက် မနက်ပိုင်းက BYD EV Showroom ရှေ့မှာ ATTO3 လျှပ်စစ်ကားကိုဝယ်ယူဖို့အတွက် ထိုင်းလူမျိုးတချို့ တန်းစီစောင့်ဆိုင်းခဲ့ကြပါတယ်။ BYD က သူတို့ရဲ့လျှပ်စစ်ကားဖြစ်တဲ့ BYD ATTO3 ကို အဲ့ဒီနေ့မှာ တရားဝင်ရောင်းချမှာဖြစ်လို့ ဝယ်ယူသူတွေဟာ ည ၁၀ နာရီကတည်းက Showroom ရှေ့မှာ တန်းစီစောင့်ဆိုင်းနေကြတယ်လို့ ထိုင်းသတင်းတွေမှာ ရေးသားဖော်ပြလာကြပါတယ်။

ထိုင်းနိုင်ငံမှာ လျှပ်စစ်ကားတွေဟာ လူကြိုက်များလာကြပြီး နာမည်ကျော်ကားထုတ်လုပ်သူတွေကလည်း ဒီဇယ်နဲ့ဓါတ်ဆီကားတွေအစား လျှပ်စစ်ကားတွေကိုပဲ ထုတ်လုပ်ရောင်းချကြဖို့ ပြင်ဆင်လာကြပါတယ်။

ထိုင်းနိုင်ငံရဲ့ မော်တော်ကားလုပ်ငန်းဟာ အရှေ့တောင်အာရှနိုင်ငံတွေမှာ အကြီးဆုံးလုပ်ငန်းတစ်ခုဖြစ်ပြီး ပစ်ကပ်ထရပ်ကားတွေကလည်း အရှေ့တောင်အာရှဈေးကွက်မှာ ဒုတိယအကြီးဆုံးဈေးကွက်ဖြစ်နေတာပါ။ အနာဂတ်ကိုကြိုတွေးထားတဲ့ ထိုင်းအာဏာပိုင်တွေဟာ ၂၀၂၀ နောက်ပိုင်းမှာ လျှပ်စစ်ကားတွေကိုပဲ အဓိကတင်သွင်းစီးနင်းကြဖို့ ပြင်ဆင်လာကြပါတယ်။ ကမ္ဘာတဝန်း လျှပ်စစ်ကားအစီးရေ ၉ သန်းကျော်ပဲရှိသေးတဲ့ ၂၀၂၀ မှာ ထိုင်းက တနိုင်ငံလုံးအသုံးပြုနေတဲ့ လျှပ်စစ်ကားအစီးရေရဲ့ ၃၅ ရာခိုင်နှုန်းကျော်ကို မှတ်ပုံတင်ပေးနိုင်တဲ့အထိ လက်သွက်ခြေသွက်ရှိလာခဲ့ပါတယ်။

ထိုင်းအစိုးရရဲ့ မျှော်လင့်ချက်

ထိုင်းအစိုးရအနေနဲ့ ၂၀၂၅ မှာ ထိုင်းနိုင်ငံအတွင်းအသုံးပြုနေတဲ့ ကားအားလုံးရဲ့ ၃၀ ရာခိုင်နှုန်းဟာ လျှပ်စစ်ကားတွေဖြစ်ရမယ်လို့ ကြွေးကြော်ထားပါတယ်။ ထိုင်းနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့ (BOI)က လျှပ်စစ်ကားထုတ်လုပ်ရေးလုပ်ငန်းကို အရင်ကထက်ပိုပြီးကောင်းမွန်အောင် လုပ်ဆောင်ရမယ်လို့ ဆုံးဖြတ်ချက်ချထားပါတယ်။ လာမယ့်အနာဂတ်မှာ BEV နှင့် လျှပ်စစ်ဆိုင်ကယ်ဈေးကွက်ကို ချဲ့ထွင်ဖို့အထိ ပြင်ဆင်နေပါတယ်။

ထိုင်းလူမျိုးတွေအနေနဲ့ လျှပ်စစ်ကားအပေါ် ယုံကြည်မှုမြင့်မားလာစေဖို့အပြင် အသုံးပြုမှုတွင်ကျယ်လာစေဖို့အတွက် အစိုးရက ၂၀၂၀ ကနေ ၂၀၂၃ အထိ လျှပ်စစ်ကားတင်သွင်းမယ်ဆိုရင် အခွန်နှုန်းထား သုည ရာခိုင်နှုန်းသတ်မှတ်ထားပါတယ်။ ၂၀၂၄ ကနေ ၂၀၂၅ နှစ်ကုန်အထိကိုတော့ နှစ်ရာခိုင်နှုန်းအခွန်နှုန်းထားသတ်မှတ်မယ်လို့ ဆိုထားပါတယ်။

ဒီအခွန်သတ်မှတ်ချက်မှာ လုပ်ငန်းသုံးယာဉ်တွေနဲ့ ခရီးသည်တင်ယာဉ်တွေကို ကင်းလွတ်ခွင့်ပြုပေးထားပါတယ်။ ရေရှည်အစီအမံအနေနဲ့ ၂၀၂၂ မှာ အစီးရေ သုံးသောင်းထုတ်လုပ်နိုင်ဖို့မျှော်လင့်ထားပြီး ၂၀၃၀ မှာတော့ အစီးရေ လေးသိန်းထုတ်လုပ်နိုင်ဖို့အတွက်လည်း ပြင်ဆင်နေပါတယ်။

လျှပ်စစ်ကားထုတ်လုပ်ရေးလုပ်ငန်းတိုးတက်စေဖို့၊ အခွန်နှုန်းထားသက်သာစေဖို့အပြင် ပြည်တွင်းမှာ ထုတ်လုပ်နိုင်ဖို့အတွက် ပြည်ပကနေ EV တင်သွင်းမှုကို ၄၀ ရာခိုင်နှုန်းအထိလျော့ချနိုင်ဖို့လည်း ပြင်ဆင်နေပါတယ်။ ပြည်တွင်းမှာလည်း လျှပ်စစ်ကားထုတ်လုပ်မှု အတွေ့အကြုံကောင်းတွေရှိနေပါတယ်။ အဲဒါကတော့ ၂၀၁၀ ကစပြီး ပြည်တွင်းမှာ Hybrid EV ကားတွေကို စတင်ထုတ်လုပ်နိုင်ခဲ့တာပါ။

ထိုင်းဈေးကွက်ကို ဘယ်သူတွေမျက်စေ့ကျနေသလဲ

ထိုင်းဈေးကွက်ကို မျက်စေ့အကျဆုံးကတော့ တရုတ်နိုင်ငံပဲဖြစ်ပါတယ်။ တရုတ်နိုင်ငံထုတ် လျှပ်စစ်ကားတွေရဲ့ အရည်အသွေးက စံချိန်မီနေသလို ဈေးနှုန်းပိုင်းအရလည်း သင့်တင့်တဲ့အတွက် ဒီဈေးကွက်ကို တရုတ်ကလက်ဝါးကြီးအုပ်သွားနိုင်ပါတယ်။ နောက်ထပ် တစတစဝင်ရောက်လာတဲ့နိုင်ငံတွေကတော့ ဂျပန်၊ ကိုရီးယားနဲ့ အမေရိကန်တို့ပဲဖြစ်ပါတယ်။

ကမ္ဘာ့ဈေးကွက်ကို ချိန်ထိုးကြည့်မယ်ဆိုရင် အမေရိကန်ရဲ့ ကမ္ဘာကျော် Tesla ရောင်းအားကို တရုတ်မှာ လူကြိုက်အများဆုံးဖြစ်တဲ့ BYD က ကျော်တက်သွားခဲ့ပါပြီ။ လျှပ်စစ်ကားတွေရဲ့ အဓိကအသက်သွေးကြောဖြစ်တဲ့ ဘတ္ထရီနည်းပညာမှာ တရုတ်က နှာတစ်ဖျားသာနေလို့ ဂျပန်လျှပ်စစ်ကားထုတ်လုပ်သူတွေကလည်း တရုတ်ရဲ့ ဘတ္ထရီနဲ့ အသက်ဆက်ကြဖို့ ပြင်ဆင်နေကြပါတယ်။

တရုတ်နိုင်ငံရဲ့လျှပ်စစ်ကားကုမ္ပဏီတွေဟာ သူတို့ရဲ့ကုန်ထုတ်စွမ်းအားကို တစ်နှစ်ထက်တစ်နှစ် မြှင့်တင်လာခဲ့ကြလို့ နောက်ပိုင်းမှာ ဈေးကွက်ကို ချဲ့ထွင်ဖို့လိုအပ်လာပါတယ်။ ဥရောပဈေးကွက်ကို အတော်အသင့်လွှမ်းမိုးလာနိုင်ပြီးတဲ့နောက်မှာ တရုတ်ဟာ အာရှအင်အားကြီးနိုင်ငံတွေရဲ့ဈေးကွက်ကို လွှမ်းမိုးလာနိုင်ဖို့အတွက် ပြင်ဆင်လာပါပြီ။

ထိုင်းအစိုးရက လျှပ်စစ်ကားအပေါ် အာရုံစိုက်နေသလို ထိုင်းနိုင်ငံမှာလည်း Charger Station တွေ တစ်နေ့ထက်တစ်နေ့ တိုးချဲ့လာခဲ့လို့ အခုနှစ်ထဲမှာပဲ လျှပ်စစ်ကားမော်ဒယ် ၁၀ ခုကျော်ကျော်က ထိုင်းဈေးကွက်ထဲကို ရောက်လာကြပါပြီ။ ဒီမော်ဒယ်တွေထဲမှာ တန်ဖိုးနည်းကားတွေကစပြီး တန်ဖိုးမြင့်ဇိမ်ခံကားတွေအထိပါနေတဲ့အတွက် ထိုင်းဈေးကွက်ကို လျှပ်စစ်ကားကုမ္ပဏီကြီးတွေ မျက်စိကျနေတာ မဆန်းလှပါဘူး။

ထိုင်းဈေးကွက်ထဲမှာ လူကြိုက်များနေတဲ့ EV တွေ

(၁) Pocco Duoduo EV

တရုတ်နိုင်ငံကထုတ်တဲ့ တန်ဖိုးနည်းလျှပ်စစ်ကားငယ် Pocco ဟာ တံခါးလေးပေါက်၊ ထိုင်ခုံ ငါးလုံးပါတဲ့ ကားငယ်ပဲဖြစ်ပါတယ်။ အရွယ်အစားက ကျစ်လစ်သလို သူ့ရဲ့ပုံပန်းသဏ္ဍာန်ကလည်း ခေတ်ရှေ့ပြေးနေလို့ လူငယ်တွေအကြိုက်ပါပဲ။ တစ်နာရီကို ၁၀၀ ကီလိုမီတာနှုန်းနဲ့မောင်းနှင်နိုင်သလို လျှပ်စစ်မော်တာက မြင်းကောင်ရေ ၃၉ အား(၁၉ ကီလိုဝပ်)ရှိပါတယ်။ ဘတ္ထရီအရွယ်အစားကတော့ ၁၀ ဒဿမ ၃ ကီလိုဝပ်အားရှိပါတယ်။ မော်ဒယ်နှစ်မျိုးထုတ်လုပ်ထားပြီး အားသွင်းရင်တော့ အချိန် ၆ နာရီကနေ ၈ နာရီအထိကြာတတ်ပါတယ်။ တစ်ခါအားသွင်းပြီးရင်တော့ ၁၇၈ ကီလိုမီတာအထိ မောင်းနှင်နိုင်ပါတယ်။

(၂) Wuling Hongguang MINI EV

ဒီ MINI EV က လာမယ့်နှစ်မှာ ဂျပန်ဈေးကွက်ထဲကို ဝင်ဖို့အဆင်သင့်ဖြစ်နေတဲ့ လျှပ်စစ်ကားငယ်ပဲဖြစ်ပါတယ်။ MINI EV တွေထဲမှာ နံပါတ်တစ်လို့ပြောလို့ရသလို တရုတ်နဲ့ ဥရောပမှာ လူကြိုက်အများဆုံး ဖြစ်နေပါတယ်။ အရည်အသွေး ၁၀၀ ရာခိုင်နှုန်းစိတ်ချရတဲ့ လျှပ်စစ်မော်တာကို သုံးထားသလို မြင်းကောင်ရေ ၂၇ အား(၂၀ ကီလိုဝပ်) ရှိတဲ့ မော်တာပဲဖြစ်ပါတယ်။ ဘတ္ထရီအရွယ်အစား ၁၃ ဒဿမ ၉ ကီလိုဝပ်အားရှိလို့ Pocco ထက်တောင် တောင့်တင်းခိုင်မာနေပါသေးတယ်။ အားတစ်ခါသွင်းရင်တော့ အချိန် ၉ နာရီလောက်ကြာတတ်ပေမယ့် အားအပြည့်နဲ့ဆိုရင် ကီလိုမီတာ ၁၂၀ ကနေ ၁၇၀ အထိမောင်းနိုင်ပါတယ်။

(၃) FOMM One EV

ကမ္ဘာ့အသေးဆုံး လေးယောက်စီးလျှပ်စစ်ကားကိုပြပါဆိုရင် FOMM One ကိုပဲ ပြကြတာများပါတယ်။ ကမ္ဘာ့အသေးဆုံးလည်းဖြစ်သလို ဒီဇိုင်းစုံ၊ အရောင်စုံရှိနေတာကြောင့်လည်း လူကြိုက်များတဲ့စာရင်းဝင်နေတာပါ။ ရေလွှမ်းနေတဲ့နေရာတွေမှာတောင် မောင်းနှင်နိုင်တဲ့အတွက် အကောင်သေးပြီး အဆိပ်ပြင်းတဲ့မြွေလို့တောင် တင်စားကြပါတယ်။ ၅ ကီလိုဝပ်အားရှိတဲ့ မော်တာနှစ်လုံးတပ်ထားပြီး လျှပ်စစ်စွမ်းအင်တစ်မျိုးတည်းသာ သုံးလို့ရတဲ့အချက်ကတော့ လျှပ်စစ်ကားဝယ်မယ့်သူကို နည်းနည်းတွေဝေစေပါတယ်။ မြင်းကောင်ရေ ၁၃ ဒဿမ ၄ အား (၁၀ ကီလိုဝပ်) ရှိတဲ့ လျှပ်စစ်မော်တာကိုသုံးထားပြီး အားတစ်ခါသွင်းရင် ၆ နာရီကနေ ၈ နာရီအထိကြာတတ်ပါတယ်။ အားအပြည့်သွင်းထားပြီးရင်တော့ ကီလိုမီတာ ၁၆၀ အထိမောင်းနိုင်တဲ့အချက်ကြောင့်လည်း လူကြိုက်များနေတာပါ။

(၄) Takano TTE500 EV

Takano TTE500 ကတော့ လျှပ်စစ် ပစ်ကပ် ထရပ်ကားပဲဖြစ်ပါတယ်။ ကီလိုဂရမ် ၃၀၀ တင်ဆောင်နိုင်ပြီး မြင်းကောင်ရေအား ၆ ဒဿမ ၇ အားပဲရှိပါတယ်။ အမြန်ဆုံးမောင်းနှင်နိုင်အားက တစ်နာရီကို ၆၀ ကီလိုမီတာပဲမောင်းနှင်နိုင်တဲ့အတွက် ခရီးတိုပဲသွားလို့ရတဲ့ကားပါ။ ဘတ္ထရီအရွယ်အစား ၁၁ ကီလိုဝပ် တပ်ဆင်ထားပြီး အားတစ်ခါသွင်းရင် ၆ နာရီကနေ ၇ နာရီအထိကြာတတ်ပါတယ်။ အားအပြည့်သွင်းပြီးရင်တော့ ၁၀၀ ကီလိုမီတာကနေ ၁၂၀ ကီလိုမီတာအထိ မောင်းနှင်နိုင်ပါတယ်။

(၅) LEXUS UX 300e Electric SUV

LEXUS ကတော့ သူတို့ရဲ့မူဝါဒအတိုင်း တန်ဖိုးမြင့်ဇိမ်ခံကားတွေကိုပဲ ထုတ်လုပ်တဲ့အတွက် လျှပ်စစ်ကားထုတ်လုပ်တဲ့နေရာမှာလည်း ဒီမူဝါဒအတိုင်းပါပဲ။ တန်ဖိုးကြီး ဇိမ်ခံကားကိုမှ စီးချင်တဲ့သူတွေကတော့ LEXUS UX 300e ကို အကြိုက်တွေ့နေကြပါတယ်။ လျှပ်စစ်စွမ်းအင်ကို ၁၀၀ ရာခိုင်နှုန်းအပြည့်အဝသုံးထားတဲ့ ပထမဆုံးလျှပ်စစ်ကားပဲဖြစ်ပါတယ်။ LEXUS ရဲ့မူဝါဒတွေထဲမှာ ဒီဇိုင်းပိုင်းကို ဆန်းသစ်စေတာကြောင့် အခုကားမှာလည်း ဒီဇိုင်းပိုင်းက ပြောစရာမရှိအောင် ဆန်းသစ်နေပါတယ်။ မြင်းကောင်ရေ ၂၁၀ အားရှိပြီး ၅၄ ကီလိုဝပ်ဘတ္ထရီကိုသုံးထားလို့ တစ်ခါအားသွင်းရင် အချိန် ၈ နာရီကျော်ကြာတတ်ပါတယ်။

ထိုင်းနိုင်ငံရဲ့ လျှပ်စစ်ကားအလားအလာ

အရှေ့တောင်အာရှ လျှပ်စစ်ကားလောကမှာ ခြေသွက်လက်သွက်အရှိဆုံးကတော့ ထိုင်းနိုင်ငံဆိုတာ ငြင်းမရပါဘူး။ တန်ဖိုးသင့်လျှပ်စစ်ကားတွေလည်း ရောက်နေသလို တန်ဖိုးကြီးဇိမ်ခံကားတွေလည်း ရောက်နေပါတယ်။ အထူးသဖြင့်ကတော့ တရုတ်နိုင်ငံထုတ် နာမည်ကြီးအမှတ်တံဆိပ်တွေက နေရာယူထားပါတယ်။ အခုဆိုရင် တရုတ်က နာမည်ကြီးလျှပ်စစ်ကားတွေကို တန်းစီစောင့်ဆိုင်းပြီး ဝယ်ယူရတဲ့အထိ ထိုင်းဈေးကွက်က အတက်ဘက်ကိုရောက်နေပါပြီ။

Ref; mobilityforesights.com . blackcircle.com

Leave a Reply

Your email address will not be published. Required fields are marked *