ရပ်ကျေးအုပ်ချုပ်ရေးမှူးများကို ရည်ရွယ်သည့် သတိပေးစာများကို သိမ်းဆည်းနေမှု မြင်ကွင်းကို တွေ့ရစဥ်

၃. ၁၁. ၂၀၂၂

Written by Min Mahar

အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများကို ခြိမ်းခြောက်သည့်စာများအား နိုဝင်ဘာ ၂ ရက် မနက်ပိုင်းက ချမ်းမြသာစည်မြို့နယ်တွင် ဖြန့်ကြဲထားကြောင်း သိရသည်။

“လမ်းပေါ်တွေမှာ အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးတွေကို ခြိမ်းခြောက်တဲ့ သဘောဆောင်တဲ့ စာတွေ လေးငါးဆယ်ရွက်လောက် ပြန့်ကြဲနေတာတွေ့ရတယ်။ ခဏကြာတော့ သက်ဆိုင်ရာက ရောက်လာပြီး လိုက်ကောက်သိမ်းသွားတယ်။ ဘယ်သူက လာချသွားတာလဲတော့ မသိဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်၊ ၁၁၂ လမ်းနှင့် ၅၃ လမ်းပေါ်တွင် A4 စာရွက်ပေါ်၌ “အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများ မင်းတို့ပျော်ပါးနေတဲ့နေရာတွေ ငါတို့သိတယ် သတိထား” စာသားပါ စာရွက်များအား ဖြန့်ကြဲထားကြောင်း သိရသည်။

၎င်းစာများကို ထွန်တုံးရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့မှ လိုက်လံသိမ်းဆည်းသွားပြီး ကြဲသွားသူများကို သက်ဆိုင်ရာမှ စုံစမ်းမှုများဆောင်ရွက်နေကြောင်းနှင့် အဆိုပါ စာများကို မည်သည့်အဖွဲ့က ကြဲသွားသည်ကိုမူ ယခုအချိန်အထိ မသိရှိရသေးကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးထံမှ စုံစမ်းသိရသည်။

ယခုရက်ပိုင်းအတွင်း မန္တလေးမြို့ပေါ်ရှိ ပြည်သူများကို CCTV များတပ်ဆင်ထားလျှင် ဖြုတ်ထားရန်နှင့် Club များကိုလည်းပိတ်ထားရန် မန္တလေး PDF အဖွဲ့များမှ ခြိမ်းခြောက်သည့် သဘောဆောင်သော စာသားများလည်း လူမှုကွန်ယက်စာမျက်နှာပေါ်တွင် တွေ့ရသည်။

အောက်တိုဘာ ၃၁ ရက်နေ့ကလည်း ပြည်ကြီးတံခွန်မြို့နယ်ရှိ (စ)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို လက်လုပ်မိုင်းဖြင့် ပစ်သွားခဲ့ရာ ဧည့်စာရင်းလာတိုင်သည့် လူငယ်နှစ်ဦးပါ ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *