April 29, 2024

▪️ မြန်မာနိုင်ငံ၏ နေရာဒေသအများစုတွင် နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေးအရ တည်ငြိမ်မှုရှိအောင် ဆောင်ရွက်ထားနိုင်ပြီဟု ထည့်သွင်းပြောကြား

၁၇. ၈. ၂၀၂၃
Written by Ye Kyaw

(၁၁) ကြိမ်မြောက် နိုင်ငံတကာလုံခြုံရေးညီလာခံ (MCIS-2023) ကို ရုရှားနိုင်ငံ၊ မော်စကိုမြို့ရှိ ရုရှားတပ်မတော်မျိုးချစ်ပန်းခြံတွင် ဩဂုတ်လ ၁၅ ရက်က ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်အောင်လှိုင်က Video Messag ပေးပို့၍တက်ရောက်ခဲ့သည်။

ညီလာခံကို ဒေသစံတော်ချိန် နံနက် ၁၀ နာရီတွင် စတင်ကျင်းပပြုလုပ်ပြီး ရုရှားသမ္မတ ဗလာဒီမာပူတင်က Video Message ဖြင့် မိန့်ခွန်းပြောကြား၍ ဖွင့်လှစ်ပေးခဲ့ပြီးနောက် “အရှေ့အလယ်ပိုင်းနှင့် အာဖရိကတိုက်ရှိ လုံခြုံရေးဆိုင်ရာ စစ်ဘက်အမြင်များ” ခေါင်းစဉ်ဖြင့် မျက်နှာစုံညီ အစည်းအဝေးအစီအစဉ် ပထမပိုင်းကိုလည်းကောင်း၊ “အာရှ-ပစိဖိတ်ဒေသတွင်း လုံခြုံရေး” ခေါင်းစဉ်ဖြင့် အစည်းအဝေး ဒုတိယပိုင်းကိုလည်းကောင်း၊ “စစ်ဘက်ဆိုင်ရာဌာနများ၏ အပြန်အလှန်ဆက်ဆံရေး-အခြေအနေများနှင့် မျှော်မှန်းချက်များ” ခေါင်းစဉ်ဖြင့် အစည်အဝေး တတိယပိုင်းကိုလည်းကောင်း ကျင်းပပြုလုပ်ခဲ့သည်။

“အာရှ-ပစိဖိတ်ဒေသတွင်း လုံခြုံရေး” ခေါင်းစဉ်ဖြင့် အစည်းအဝေးအစီအစဉ် ဒုတိယပိုင်းပြုလုပ်နေစဉ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူကြီးမင်းအောင်လှိုင် က Video Message ဖြင့်ပေးပို့သော “အာရှ-ပစိဖိတ်ဒေသတွင်း တည်ငြိမ်အေးချမ်းရေးအတွက် အရေးပါသော အာဆီယံအဖွဲ့၏စည်းလုံးညီညွတ်မှု” နှင့်ပတ်သက်၍ သုံးသပ်ဆွေးနွေးချက် မိန့်ခွန်းကို ပြသခဲ့သည်။

This image has an empty alt attribute; its file name is IMG_3154-1024x642.jpeg

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ မိန့်ခွန်းတွင် ကမ္ဘာ့လူဦးရေစုစုပေါင်း၏ ၆၀ ရာခိုင်နှုန်းကျော် နေထိုင်လျက်ရှိသော အာရှ-ပစိဖိတ်ဒေသအတွက် စားနပ်ရိက္ခာလုံခြုံမှုရှိရေးသည် အခြေခံအကျဆုံးနှင့် အဓိကအကျဆုံး လိုအပ်ချက်တစ်ခုဖြစ်လာကြောင်း၊ စားနပ်ရိက္ခာလုံခြုံမှုရှိရေးတွင် အဓိကကျသော စိုက်ပျိုးရေးအတွက် လိုအပ်သည့် လောင်စာဆီ၊ ဓာတ်မြေဩဇာများ အပါအဝင် အထောက်အကူပြုပစ္စည်းများ ရောင်းဝယ်ရာ၌ အချို့နိုင်ငံများသည် ဘဏ္ဍာရေးလုံခြုံမှုနှင့် ယှဉ်တွဲပြီးဖြစ်သော ဒေါ်လာငွေကြေးကို လက်နက်သဖွယ်အသုံးပြုနေကြောင်း ပြောကြားခဲ့သည်။

ကပ်ရောဂါဖြစ်ပွားမှု၊ အင်အားကြီးနိုင်ငံများ၏ အားပြိုင်မှုများ၊ မဖြေရှင်းနိုင်သေးသည့် နယ်မြေပိုင်ဆိုင်ခွင့် အငြင်းပွားမှုများနှင့် လတ်တလောပေါ်ပေါက်နေသော အရေးအခင်းများ၏ ပေါင်းစပ်သက်ရောက်မှုများကြောင့် မျက်မှောက်ကာလတွင် ကမ္ဘာကြီး၏ အနေအထားသည် ကြီးမားစွာ ကွဲပြားကွာဟမှုများနှင့် တွေ့ကြုံနေရပြီး လုံခြုံရေးကဏ္ဍတွင်လည်း အပြိုင်အဆိုင် လွှမ်းမိုးနိုင်ရန် အပြင်းအထန် အားထုတ်မှုများနှင့်အတူ ကြီးမားသည့် အင်အားချိန်ခွင်လျှာ အပြောင်းအလဲများ ဖြစ်ပေါ်လျက်ရှိကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

This image has an empty alt attribute; its file name is IMG_3152-1024x757.jpeg

လက်ရှိကာလတွင် လူဦးရေ ၆၈၇ သန်းကျော်ရှိပြီး စီးပွားရေးအရလည်း GDP ဒေါ်လာ ၃ ဒသမ ၆၆ ထရီလီယံကျော်ရှိသော အာဆီယံသည် ၎င်း၏ ခိုင်မာတောင့်တင်းသော အင်အားနှင့် စွမ်းပကားကို အသုံးပြု၍ ဒေသတွင်းနှင့် ဒေသပြင်ပနိုင်ငံများစွာ၏ အကျိုးစီးပွားအတွက်လည်း ထမ်းရွက်ပံ့ပိုးပေးနိုင်သည့် အခြေအနေကို ရောက်ရှိနေပြီဖြစ်ကြောင်း၊ ထို့ကြောင့် အာဆီယံ၏ စည်းလုံးညီညွှတ်မှုသည် အာရှ-ပစိဖိတ်ဒေသ၏ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် သာယာဝပြောရေးတို့ကို ဖော်ဆောင်ရာတွင် မရှိမဖြစ် အထူးအရေးပါနေသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ အာဆီယံ၏ စည်းလုံးညီညွှတ်မှု ခိုင်မြဲနေသမျှ အာဆီယံသည် အာရှ-ပစိဖိတ်ဒေသအတွက် အရေးပါသည့် အင်အားအဖြစ်ရှိနေမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

မိမိတို့မြန်မာနိုင်ငံနှင့် ပတ်သက်၍ လက်ရှိကာလတွင် မြန်မာနိုင်ငံ၏ အချို့ဒေသများမှအပ နေရာဒေသအများစုတွင် နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေးအရ တည်ငြိမ်မှုရှိအောင် ဆောင်ရွက်ထားနိုင်ပြီဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် လွတ်လပ်၍ တရားမျှတသောပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲတစ်ရပ်ကို ကျင်းပပြီး အနိုင်ရရှိသော နိုင်ငံရေးပါတီအား ဒီမိုကရေစီစံနှုန်းနှင့်အညီ နိုင်ငံတော်အာဏာကို ပြန်လည်အပ်နှင်းနိုင်ရေးအတွက် နိုင်ငံတစ်ဝန်းလုံခြုံမှုရှိစေရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ကြိုးပမ်းအားထုတ် ဆောင်ရွက်လျက်ရှိသည်ကို ပြောကြားလိုကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

အဆိုပါ (၁၁) ကြိမ်မြောက် နိုင်ငံတကာလုံခြုံရေးညီလာခံ (MCIS-2023)သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအဝင် နိုင်ငံပေါင်း (၅)နိုင်ငံမှ အကြီးအကဲများက Video မှတ်တမ်းများ ပေးပို့၍ တက်ရောက်ခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း အပါအဝင် နိုင်ငံပေါင်း ၂၀ မှ ကာကွယ်ရေးဝန်ကြီးအဆင့်ပုဂ္ဂိုလ် ၂၀ ဦး၊ နိုင်ငံ ၁၆ နိုင်ငံမှ ဒုတိယကာကွယ်ရေးဝန်ကြီးအဆင့်ပုဂ္ဂိုလ် ၁၆ ဦး၊ နိုင်ငံ ၁၂ နိုင်ငံမှ ညွှန်ကြားရေးမှူးအဆင့်ပုဂ္ဂိုလ် ၁၂ ဦးအပါအဝင် စုစုပေါင်းတာဝန်ရှိသူဦးရေ ၈၀၀ ကျော် ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *