April 29, 2024

၁၆. ၈. ၂၀၂၃
Written by Nay Aung

ထိုင်းနိုင်ငံ၊ အယုဒ္ဓယပြည်နယ်၊ အမြန်လမ်းရဲတပ်ဖွဲ့သည် သြဂုတ် ၁၆ ရက် နံနက်ပိုင်းက ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်ရန်ကြိုးပမ်းသော မြန်မာနိုင်ငံသား ၂၈ ဦးနှင့်အတူ ထိုင်းနိုင်ငံသားပွဲစားနှစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ အယုဒ္ဓယပြည်နယ် အမြန်လမ်းရဲတပ်ဖွဲ့သည် ကင်းလှည့်စစ်ဆေးနေချိန်အတွင်း Toyota Fortuner အမျိုးအစားကားနှင့် Toyota pick-up အမျိုးအစားကားကို ရပ်တန့်စစ်ဆေးရာတွင် ကားထဲ၌ မြန်မာနိုင်ငံသားများကို တွေ့ရှိဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ ကားတစ်စီးပေါ်တွင် မြန်မာနိုင်ငံသား ၁၄ ဦး စီပါဝင်ကြောင်း သတင်းထုတ်ပြန်ထားသည်။

Nakhon Luang-Phachi လမ်းပေါ်တွင် မောင်းနှင်လာသော ကားနှစ်စီးသည် ပုံမှန်ကားများထက် အလေးချိန်ပိုများနေသည့်ကို သတိထားကာ မသင်္ကာသည့်အတွက် ရပ်တန့်စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း၊ ကားနှစ်စီးပေါ်တွင် အသက် ၂၀နှစ် နှင့် ၃၀နှစ်အရွယ်ကြားရှိ မြန်မာနိုင်ငံသားအမျိုးသား ၁၄ဦး၊ အမျိုးသမီး ၁၄ဦးတို့ လိုက်ပါလာခဲ့ကြောင်း၊ ၎င်းတို့သည် ထိုင်းနိုင်ငံရှိဆောက်လုပ်ရေးလုပ်ငန်းတွင် အလုပ်လုပ်ရန်အတွက် တရားမဝင် ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း အယုဒ္ဓယ ပြည်နယ်အမြန်လမ်းရဲတပ်ဖွဲ့က ပြောသည်။ အဆိုပါမြန်မာနိုင်ငံသားအားလုံးသည် ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်ရန် တရားဝင်အထောက်အထားများမရှိသည့်အတွက် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောသည်။

This image has an empty alt attribute; its file name is photo_2023-08-17_10-03-27-1024x576.jpg

မြန်မာရွှေ့ပြောင်းအလုပ်သမားများက ၎င်းတို့သည် ထိုင်းနှင့် မြန်မာနယ်စပ်ဒေသ တောလမ်းမှတဆင့် ထိုင်းနိုင်ငံဘက်ခြမ်းကို ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း၊ တက်ပြည်နယ်ကို ရောက်ရှိချိန်တွင် Phra Nakhon Si Ayutthaya ဒေသရှိဆောက်လုပ်ရေးလုပ်ငန်းခွင်ကို သွားရောက်ရန်အတွက် ထိုင်းနိုင်ငံသား Mr. Anupong နှင့် Mr. Wicha တို့မောင်းနှင်သောကားနှစ်စီးဖြင့် ထပ်မံလိုက်ပါလာခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံပြောဆိုထားသည်။ ထိုင်းနိုင်ငံသား ကားမောင်းသမားနှစ်ဦးက၎င်းတို့သည် မြန်မာနိုင်ငံသားများကို တက်ပြည်နယ် Na Bot အရပ်ဒေသမှ ကားဖြင့် ခေါ်ဆောင်လာခဲ့ခြင်းဖြစ်ပြီး ကားခအဖြစ် တစ်စီးကို ဘတ် ၁၅,၀၀၀ ရရှိကြောင်း ဝန်ခံပြောဆိုထားသည်။

ထိုင်းရဲတပ်ဖွဲ့နှင့် လူဝင်မှုကြီးကြပ်ရေးအဖွဲ့များသည် ပြီးခဲ့သောရက်ပိုင်းကလည်း ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်ရန်ကြိုးပမ်းသော မြန်မာနိုင်ငံသားများကို ဖမ်းဆီးရမိခဲ့ကြောင်း၊ သြဂုတ် ၁၄ ရက်က ပရာချက်ဒေသတွင် မြန်မာနိုင်ငံသား ၁၇ ဦးကို ဖမ်းမိခဲ့သလို သြဂုတ် ၁၂ ရက်ကလည်း Nakhon Pathom ပြည်နယ်၊ Bang Len မြို့နယ်၊ Bua Pak Tha ကျေးရွာအုပ်စုရှိ အမြန်လမ်းတွင် ထိုင်းနိုင်ငံသို့တရားမဝင်ဝင်ရောက်ရန်ကြိုးပမ်းသော မြန်မာနိုင်ငံသား ၁၅ ဦးကို ဖမ်းဆီး ရမိခဲ့ကြောင်း ထိုင်းသတင်းများက ဖော်ပြထားသည်။

Ref- — khaosod

Leave a Reply

Your email address will not be published. Required fields are marked *