April 28, 2024

၁၇. ၈. ၂၀၂၃
Written by Nyein Kyaw

မိုခါမုန်တိုင်းတိုက်ခက်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်တွေမြို့၊ ရှေးဟောင်းသမိုင်းဝင် ဦးရဲကျော်သူ ကျောင်းတိုက်နှင့် သကျမုနိဘုရားသိမ်တော်ကြီးအား ရှေးမူမပျက် ပြန်လည်ပြုပြင်နေကြောင်း SAC သတင်းထုတ်ပြန်ရေးအဖွဲ့မှ ဩဂုတ်လ ၁၆ ရက်တွင် ထုတ်ပြန်ထားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဇူလိုင်လ ၁၁ ရက်တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ ရောက်ရှိစဉ် မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် စစ်တွေမြို့ရှိ ရှေးဟောင်းသမိုင်းဝင် ဦးရဲကျော်သူ ကျောင်းတိုက် ပင်မကျောင်းဆောင်နှင့် ကျောင်းတိုက်အတွင်းရှိ သကျမုနိဘုရားကြီး သိမ်တော်တို့အား မူလလက်ရာအတိုင်း ရှေးမူမပျက် အမြန်ဆုံးပြန်လည်ပြုပြင်ပေးရန် လမ်းညွှန်မှာကြားချက်အရ ဆောင်ရွက်နေခြင်းဖြစ်သည်။

ထို့ကြောင့် ဩဂုတ်လ ၁၆ ရက်တွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် တာဝန်ရှိသူများက ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တ ဇောတိပါလအား ပင်မကျောင်းဆောင်နှင့် သကျမုနိဘုရား သိမ်တော်ကြီး ပြန်လည်ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်မှုနှင့် ပတ်သက်၍ ဆွေးနွေးလျှောက်ထားခဲ့ကြသည်။

သိမ်တော်ကြီးအတွင်း အရောင်မတူပျက်စီးနေသည့် ကြွေပြားအဟောင်းများခွာ၍ ကြွေပြားအသစ်များ အစားထိုး ပြုပြင်ခြင်းနှင့် အတွင်း/အပြင် မီးနှင့်ရေလိုင်းများ အသစ်အစားထိုးပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအား တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးက ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် တိုင်းမှူးနှင့်အဖွဲ့ဝင်းများက ကျောင်းတိုက်ဆရာတော်များအား ဆွမ်းဆန်တော်၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ပင်မကျောင်းဆောင်နှင့် သကျမုနိဘုရား သိမ်တော်ကြီးအား မူလလက်ရာအတိုင်း ရှေးမူမပျက် ပြန်လည်ပြုပြင် ဆောင်ရွက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News