▪️ ပျက်စီးဆုံးရှုံးမှုအားလုံး၏ ၇၀ ရာခိုင်နှုန်းက ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့ဟု ဆို

၁၄. ၈. ၂၀၂၃
Written by Nay Aung

ပြီးခဲ့သော မေလက မြန်မာနိုင်ငံကို ဝင်ရောက်တိုက်ခတ်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် တိုက်ရိုက်ပျက်စီးဆုံးရှုံးမှုတန်ဖိုး total direct damages သည် အမေရိကန်ဒေါ်လာ ၂ ဒသမ ၂၄ ဘီလျံ ခန့်ရှိနိုင်ကြောင်း၊ အဆိုပါထိခိုက်ပျက်စီးဆုံးရှုံးမှုတန်ဖိုးသည် ၂၀၂၁ ခုနှစ်က မြန်မာနိုင်ငံ၏ ဂျီဒီပီ စုစုပေါင်း၏ ၃ ဒသမ ၄ ရာခိုင်နှုန်းနှင့် ညီမျှကြောင်း Global Rapid Post-Disaster Damage Estimation (GRADE) အဖွဲ့ နှင့် ကမ္ဘ့ာဘဏ်တို့၏ အစီရင်ခံစာက ဖော်ပြထားသည်။

(GRADE)အဖွဲ့နှင့် ကမ္ဘာဘဏ်တို့သည် မိုခါမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများကို ခန့်မှန်းတွက်ချက်ပြီးနောက် ပြီးခဲ့သောရက်ပိုင်းတွင် သတင်းထုတ်ပြန်ခဲ့ကြောင်းသိရသည်။ မိုခါမုန်တိုင်း၏ သက်ရောက်မှုများကို ရခိုင်ပြည်နယ်က အဆိုးရွားဆုံးတွေ့ကြုံခဲ့ရပြီး ပျက်စီးဆုံးရှုံးမှုအတွင်း လူနေအိမ်များကို အပြင်းထန်ဆုံး ထိခိုက်ခဲ့သည့်အပြင် လူနေအိမ်မဟုတ်သောအဆောက်အအုံများနှင့် ဆက်စပ်ပစ္စည်းများ၊ အခြေခံအဆောက်အအုံများနှင့် စိုက်ပျိုးရေးလုပ်ငန်းများပါဝင်ခဲ့ကြောင်းဖော်ပြချက်များအရ သိရသည်။ မိုခါမုန်တိုင်းဒဏ်ကို မြန်မာနိုင်ငံအနောက်ပိုင်းနှင့် အနောက်မြောက်ပိုင်းရှိ ရခိုင်ပြည်နယ်၊စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ချင်းပြည်နယ် တို့၌ အများဆုံးတွေ့ကြုံခံစားခဲ့ရပြီး ထိခိုက်ပျက်စီးမှုစုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းက ရခိုင်ပြည်နယ်တွင်ဖြစ်ကြောင်း GRADE အဖွဲ့နှင့် ကမ္ဘာ့ဘဏ်တို့ ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

This image has an empty alt attribute; its file name is photo_2023-08-14_14-47-18.jpg

ရခိုင်ပြည်နယ်အတွင်းရှိ ခရိုင် ၇ ခု နှင့် မြို့နယ် ၁၇ မြို့နယ်မှာရှိသည့် လူဦးရေ ၁ ဒသမ ၂ သန်းသည် မိုခါမုန်တိုင်းဒဏ် ခံစားခဲ့ရကြောင်း၊ မုန်တိုင်းကြောင့် ကျန်းမာရေးအဆောက်အဦများ၊ စာသင်ကျောင်းများ၊ ဆက်သွယ်ရေးကွန်ရက်များ၊ သယ်ယူပို့ဆောင်ရေးစနစ်များအပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီး ငါးခုတွင် အခြေခံအဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ရကြောင်းသိရသည်။ မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် လက်နက်ကိုင်ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းသည် မိုခါမုန်တိုင်းကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ပိုမိုသက်ရောက်မှုများကို ဖြစ်လာစေခဲ့ကြောင်း GRADE အဖွဲ့နှင့်ကမ္ဘာ့ဘဏ်တို့၏ ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မိုခါမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှု အားလုံး၏ ၈၄ ရာခိုင်နှုန်းက ရခိုင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတွင် ဖြစ်ကြောင်း၊ မိုခါ မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှု အားလုံးအနက် လူနေအိမ်ယာ ပျက်စီးမှုက ၄၉ ရာခိုင်နှုန်း၊ လူနေထိုင်ခြင်းမရှိသော အဆောက်အဦပျက်စီးဆုံးရှုံးမှုက ၁၈ရာခိုင်နှုန်း ရှိခဲ့ပြီး အခြေခံအဆောက်အအုံနှင့် စိုက်ပျိုးရေးဆိုင်ရာလုပ်ငန်းများက ပျက်စီးမှုအားလုံး၏ ၂၂ ရာခိုင်နှုန်းနှင့် ၁၁ ရာခိုင်နှုန်းစီ ရှိနေခဲ့ကြောင်းအဆိုပါ ထုတ်ပြန်ချက်များအရသိရသည်။

မိုခါမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှုများအ နက် လူနေအိမ်ယာအဆောက်အဦး ထိခိုက်ပျက်စီးမှု တန်ဖိုးကအမေရိကန်ဒေါ်လာ ၁ ဒသမ ၁၀၆ ဘီလျံ၊လူနေအိမ်ယာမဟုတ်သော အဆောက်အဦ များပျက်စီးမှုက အမေရိကန်ဒေါ်လာ ၄၁၀သန်း၊ အခြေခံအဆောက်အဦများထိခိုက်ပျက်စီးမှု တန်ဖိုးက အမေရိကန်ဒေါ်လာ သန်း ၄၉၀ နှင့် စိုက်ပျိုးရေး လုပ်ငန်းများထိခိုက်ပျက်စီးမှု စုစုပေါင်းတန်ဖိုးကအမေရိကန်ဒေါ်လာ ၂၃၇သန်းရှိနေကြောင်းသိရသည်။ မိုခါမုန်တိုင်းကြောင့် နေအိမ်ပေါင်း ၂၆၂,၉၅၄ အိမ်၊ ဘာသာရေးအဆောက်အဦပေါင်း ၃,၀၅၇ခု၊ စာသင်ကျောင်းပေါင်း ၁,၈၉၂ကျောင်း၊ ဆေးရုံနှင့်ကျန်းမာရေးအဆောက်အဦး ၄,၄၄ ခု ထိခိုက် ပျက်စီးခဲ့ရသလို တိရစ္ဆာန်အကောင်ရေ ၂၉၉,၃၃၇ ကောင်၊ ဆက်သွယ်ရေးတာဝါတိုင်ပေါင်း ၁၇ ခုနှင့် လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးဓါတ်တိုင်ပေါင်း ၈,၆၉၃ခု ပျက်စီးခဲ့ရကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးကော်မတီ NDMCက ဖော်ပြထားသည်။ မိုခါမုန်တိုင်းသည် ရခိုင်ပြည်နယ်ကို ဝင်ရောက်တိုက်ခတ်ခဲ့သော မုန်တိုင်းများအနက် ၁၉၆၈ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံးမုန်တိုင်း ဖြစ်ကြောင်း သိရသည်။

Ref- — Worldbank

Leave a Reply

Your email address will not be published. Required fields are marked *

Related News