အသေးသုံးနိုင်ငံခြားငွေ ရောင်းပေးနေသည့် ဘဏ်များတွင် ပါဝင်သော ဧရာဝတီဘဏ်ကို တွေ့ရစဉ်
၁၄. ၈. ၂၀၂၃
Written by Ye Kyaw
နှစ်လကျော်အတွင်း AD လိုင်စင်ရဘဏ် ၁၅ ဘဏ်မှတစ်ဆင့် ပြည်ပသို့ သွားရောက်၍ အလုပ်လုပ်ကိုင်မည့်သူ၊ ဆေးကုသမည့်သူ၊ ပညာသင်သွားမည့်သူ ဦးရေ ၂,၉၅၀ ကျော်အား အသေးသုံး နိုင်ငံခြားငွေ ငွေသားယူဆောင်သွားနိုင်ရန်အတွက် အမေရိကန်ဒေါ်လာ ၇၉၀,၀၀၀ ခန့်၊ ထိုင်းဘတ်ငွေ ၂၄ သိန်းကျော်၊ စင်ကာပူဒေါ်လာ ၉,၈၀၀၊ မလေးရှားရင်းဂစ် ၁၆,၇၀၀ ကျော်နှင့် ယူရိုငွေ ၁,၄၅၀ ရောင်းချ ပေးထားကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(SAC) ၏ သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ယနေ့တွင် ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က မြန်မာနိုင်ငံသားများအနေဖြင့် ပြည်ပသို့ ထွက်ခွာရာတွင် အသေးသုံး နိုင်ငံခြားငွေ ငွေသားဆောင်ယူသွားနိုင်ရေးအတွက် ဈေးကွက်အတွင်း လွယ်ကူစွာ ဝယ်ယူနိုင်ရန် ရည်ရွယ်၍ ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်မည့်သူ၊ ဆေးကုသရန် သွားရောက်မည့်သူနှင့် ပညာသင်သွားရောက်မည့်သူများအား AD လိုင်စင်ရဘဏ်များ၏ Money Changer Counter များတွင် တစ်ဦးလျှင် နိုင်ငံခြားငွေ ငွေသား အမေရိကန်ဒေါ်လာ ၃၀၀ မှ ၅၀၀ ခန့် (ယင်းနှင့်ညီမျှသော နိုင်ငံခြားငွေ ငွေသား) ရောင်းချပေးရန် AD လိုင်စင်ရဘဏ်များသို့ မေလ ၂၆ ရက်တွင် ညွှန်ကြားထားသည်။
AD လိုင်စင်ရဘဏ်များ၏ Money Changer Counter များမှ မေလ ၃၁ ရက်တွင် စတင်ရောင်းချပေးခဲ့ပြီး ဩဂုတ်လ ၁၀ ရက်အထိ နှစ်လကျော်အတွင်း လူဦးရေ ၂,၆၀၃ ဦးသို့ အမေရိကန်ဒေါ်လာ ၇၈၉,၈၀၆ အားလည်းကောင်း၊ လူဦးရေ ၃၀၁ ဦးသို့ ထိုင်းဘတ်ငွေ ၂,၄၅၄,၅၅၀ အား လည်းကောင်း၊ လူဦးရေ ၂၇ ဦးသို့ စင်ကာပူဒေါ်လာ ၉,၈၆၁ အားလည်းကောင်း၊ လူဦးရေ ၂၀ ဦးသို့ မလေးရှားရင်းဂစ် ၁၆,၇၃၈ အားလည်းကောင်း၊ လူဦးရေ ငါးဦးသို့ ယူရို ၁,၄၅၀ အားလည်းကောင်း ရောင်းချပေးခဲ့ပြီးဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ရောင်းချပေးရာတွင် နေ့စဉ်ဈေးကွက်၏ ပျမ်းမျှငွေလဲလှယ်နှုန်းအပေါ်မူတည်၍ ငွေလဲလှယ်နှုန်းကို အမေရိကန်တစ်ဒေါ်လာလျှင် ၂,၅၀၀ ကျပ်မှ ၂,၆၀၀ ကျပ် အတွင်းဖြင့်လည်းကောင်း ထိုင်းဘတ် တစ်ဘတ်လျှင် ၇၅ ကျပ်နှင့် ၈၅ ကျပ်အတွင်းဖြင့်လည်းကောင်း ရောင်းချပေးခဲ့ကြောင်း သိရသည်။
ရောင်းချပေးခဲ့သည့် AD လိုင်စင်ရဘဏ်များမှာ CB Bank PCL (CB)၊ ကမ္ဘောဇဘဏ်လီမိတက်၊ AYA Bank PCL (AYA)၊ ဧရာဝတီတောင်သူလယ်သမားများ ဖွံ့ဖြိုးတိုးတက်ရေးဘဏ်လီမိတက် (A Bank)၊ မြန်မာ့ရှေ့ဆောင်ဘဏ်လီမိတက် (MAB)၊ ရိုးမဘဏ်လီမိတက်၊ အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်လီမိတက် (UAB)၊ AGDBank၊ မြန်မာ့အရှေ့တိုင်းဘဏ်လီမိတက် (MOB)၊ ကမ္ဘာ့ရတနာဘဏ်လီမိတက် (GTB)၊ ထွန်းကော်မရှယ်ဘဏ်လီမိတက် (TCB)၊ ရွှေ(ကျေးလက်နှင့် မြို့ပြ) ဖွံ့ဖြိုးတိုးတက်ရေး ဘဏ်လီမိတက် (Shwe)၊ ပထမပုဂ္ဂလိကဘဏ်လီမိတက် (FPB)၊ အင်းဝဘဏ်လီမိတက်၊ မြန်မာနိုင်ငံသားများဘဏ် (MCB)တို့မှ ပါဝင်ရောင်းချပေးနေပြီး ဝယ်ယူရရှိနိုင်သည့် ကောင်တာများအား သက်ဆိုင်ရာဘဏ်၏ Website နှင့် Facebook Page များတွင် ကြေညာပေးထားသည်။
