၁၄. ၈. ၂၀၂၃
Written by Thuta Zaw
ဩဂုတ်လ ၁၀ ရက်မှ ၁၃ ရက် အထိ သုံးရက်တာကာလအတွင်း လုံခြုံရေး တပ်ဖွဲ့ဝင်များက စစ်ကိုင်း -မုံရွာ လမ်းပေါ်တွင် PDF များ ထောင်ထားသည့် မိုင်းနှင့် ဆက်စပ်ပစ္စည်းများစွာကို ဖော်ထုတ်ရှင်းလင်းနိုင်ခဲ့ကြောင်း သတင်း ရရှိသည်။
မြန်မာနိုင်ငံတွင် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေသော ပစ္စည်းများ ပေါက်ကွဲမှုအကြိမ်ရေ ၃၀၆ ကြိမ်ဖြစ်ပွားခဲ့ပြီး လူပေါင်း ၅၅၆ ဦး သေဆုံး၊ ဒဏ်ရာရခဲ့ကြောင်း UNICEF က သတင်းထုတ်ပြန်ထားကာ မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသကြီးများအနက် စစ်ကိုင်းတိုင်းဒေသကြီးသည် မြေမြှုပ်မိုင်းကြောင့် သေဆုံး၊ ဒဏ်ရာရသူအများဆုံးရှိနေပြီး နိုင်ငံတစ်ဝန်း သေဆုံးဒဏ်ရာရသူအရေအတွက်၏ ၄၀ ရာခိုင်နှုန်းသည် အဆိုပါ တိုင်းဒေသကြီးမှ ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

“စစ်ကိုင်းမြို့နဲ့ မုံရွာမြို့ကြားက ကားလမ်းမ တစ်လျှောက်မှာ မိုင်းတွေ ထောင်ထားတယ်ဆိုတာကို သတင်းပေးချက်အရ ဩဂုတ်လ ၁၀ ရက်ကနေ ၁၃ ရက် အထိ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ရှာဖွေ ဖော်ထုတ်ခဲ့တာပါ။ လက်လုပ်မိုင်းတွေကော တခြား ဆက်စပ်ပစ္စည်းတွေကောမိတာ။ အဲ့ဒီဘက်လမ်းကြောက အများပြည်သူ သွားလာနေရတဲ့ လမ်းလေ။ ပြည်သူတွေက မိုင်းအန္တရာယ်ကို ဂရုစိုက်နေရတယ်” ဟု လုံခြုံရေးတပ်ဖွဲ့ နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
ထိုသို့ ရှင်းလင်း ဖော်ထုတ်ရာတွင် PDF များ ထောင်ထားသည့် လက်လုပ်မိုင်းမျိုးစုံ ၈၂ လုံး၊ ဆားကစ်ပြား ၇ ခု၊ ဝါယာကြိုး ၁၄ ခွေ၊ ဘက္ထရီအိုးမျိုးစုံ ၁၆ လုံး၊ ကီးပက်ဖုန်း ၁၀ လုံး ၊ အားသွင်းဓာတ်ခဲ ၉ လုံး၊ ရီမု ၁ ခု တို့ကို သိမ်းဆည်းနိုင်ခဲ့ကြောင်းလည်း သိရသည်။
ရွှေဘိုမြို့နယ်နှင့် စစ်ကိုင်းမြို့နယ်တို့တွင် PDF များ ထောင်ထားသည့် မိုင်းကို ပြည်သူများ နင်းမိခြင်းကြောင့် ထိခိုက်ဒဏ်ရာရခြင်း၊ အသက်သေဆုံးခြင်းများ မကြာခဏ ဖြစ်ပွားနေကာ ခရီးသည်တင် ယာဉ်အချို့လည်း ထိခိုက်မှု ရှိခဲ့သည်။


