ဓာတ်ပုံ-ဘိုဘိုဝင်း Recuse ၊ ကိုဘီဝမ်း
၁၄. ၈ .၂၀၂၃
Written by Hey Mar
မြဝတီ -ရန်ကုန် သွားခရီးသည်တွေ အဆင်ပြေစေဖို့အတွက် ယခင် လမ်းဟောင်းကနေ ယာဥ်ငယ်တွေနဲ့ ပြန်လည်ပြေးဆွဲပေးနေပြီး၊ အတက်တစ်ရက် အဆင်းတစ်ရက် သတ်မှတ်ပြေးဆွဲပေးနေတယ်လို့ မြဝတီဒေသခံ ယာဥ်လိုင်းတချို့ထံကနေ သိရပါတယ် ။
မြဝတီ အာရှလမ်းမကြီးမှာ အခုလအတွင်း မိုးသည်းထန်စွာရွာသွန်းခဲ့တာကြောင့် ကော့ကရိတ် – မြဝတီသွား အာရှလမ်းမကြီးပေါ်ရှိ တောနော်ရေတံခွန်အနီး မိုင်တိုင်အမှတ်(၁၄၉)နှင့် (၁၅၀) အကြားနေရာမှာ၊ ဩဂုတ် ၇ ရက်နေ့ နေ့လည် ၁၂ နာရီ ခန့်က မြေပြိုမှုဖြစ်ပွားခဲ့ကာ ဒီနေ့အထိ လမ်းပိုင်းပြင်ဆင်နေဆဲလို့ သိရပါတယ်။
ကိုအောင် ကားလေးဝန်ဆောင်မှုလုပ်ငန်းမှ တာဝန်ရှိသူက “လမ်းကမကောင်းတော့ ကားကြီးတွေက မသွားကြဘူး။ သွားတဲ့ကားလေးတွေကြတော့လဲ စျေးက အရင်ထက် တက်သွားတယ်။ အရင်က ရန်ကုန်- မြဝတီ တစ်ယောက်ကို ကျပ် သုံးသောင်း သုံးသောင်းခွဲ ယူကြရာကနေ အခု ငါးသောင်းခွဲ ခြောက်သောင်းခွဲ အထိ ယူကြတယ်။ လမ်းကလည်း လမ်းဟောင်းရော လမ်းသစ်ရော ပျက်နေတာမို့ ကျွန်တော်တို့ကတော့ လမ်းသစ်ကနေပဲ ပြိုတဲ့နေရာကို ဟိုဘက် ဒီဘက် ကားနှစ်စီးချိတ်ပြီး ခရီးသည်ကို သယ်ပေးနေတယ်” လို့ ဆိုပါတယ် ။
ခရီးသည်တွေက တောင်စောင်းကနေ ချောက်ကို ကျော်ပြီး တစ်ဖက်က ကားဆီကို ပြောင်းရတာမို့ မြေပြိုကျနိုင်တဲ့ အန္တရာယ်များပေမဲ့ အရေးကြီးသူတွေကတော့ သွားလာနေကြတယ်လို့လဲ သိရပါတယ်။ လက်ရှိမှာ တောနော် ရေတံခွန်အနီး လမ်းပြိုကျတဲ့နေရာကို ဘေလီတံတားထိုးဖို့ လမ်းမြေသား ပြုပြင်တာတွေ ပြုလုပ်နေပြီး ပြုပြင်နေဆဲကာလမှာတော့ လမ်းဟောင်းမှာ အဆင်းတစ်ရက် အတက်တစ်ရက် သွားလာမှာဖြစ်သလို အာရှလမ်းက သွားချင်သူတွေကလည်း ချောက် တစ်ဖက် တစ်ချက်စီ ကနေ ကားပြောင်းစီးပြီးသွားလာရမှာ ဖြစ်တယ်လို့ သိရပါတယ် ။
မြဝတီ ဒေသခံတစ်ဦးက “ဒီနေ့က (သြဂုတ် ၁၄ ရက်) မြဝတီဘက်က အဆင်းနေ့ပဲ အတက်ကားမရှိဘူး။ မနက်ဖြန်က အတက်နေ့ ၊ လမ်းဟောင်းက သွားမယ်ဆိုရင် ရက်သတ်မှတ်ပြီး အဲ့သည်လို လာမှ ရမယ်။ `စုံ´ရက်ဆို အဆင်း၊ မ´ရက်ဆို အတက် ရှိမယ်”လို့ ဆိုပါတယ် ။


