၁၄. ၈. ၂၀၂၃
Written by Peya
အလွန်အဆိပ်ပြင်းသည့် အနက်ရောင် မုဆိုးမ ပင့်ကူဟု ခေါ်သော ပင့်ကူမျိုးစိတ်ကို မြန်မာနိုင်ငံက နေရာ သုံးနေရာတွင် တွေ့ရသည်ဟု မှတ်တမ်းတင်နိုင်ခဲ့ကြောင်း Myanmar Biodiversity က ထုတ်ပြန်ထားသည့် အချက်အလက်များအရ သိရသည်။
အဆိုပါ မျိုးစိတ်သည် မြန်မာနိုင်ငံတွင် ကျူးကျော်မျိုးစိတ်မဟုတ်သော်လည်း တွေ့ရခဲသည့် မျိုးစိတ်တစ်မျိုး ဖြစ်ကာ (Black widow spider) အနက်ရောင် မုဆိုးမပင့်ကူ ဟု ခေါပြီး အဆိုပါ အမျိုးအစား ပင့်ကူအမ များသည် မိတ်လိုက်ပြီးလျှင် အထီးကို ပြန်စားတတ်သည့်အတွက် ထိုသို့ ခေါ်ခြင်းဖြစ်ကြောင်း သိရသည်။
“ပထမဆုံး မှတ်တမ်းတင် ရရှိခဲ့တဲ့ နေရာကတော့ ကချင်ပြည်နယ်ဘက်က မှတ်တမ်းဖြစ်ပြီး ဒုတိယ မှတ်တမ်းကတော့ ပခုက္ကူ ဒေသပါ။ အခု တတိယ မှတ်တမ်းကတော့ နေပြည်တော်ပဲ ဖြစ်ပါတယ်” ဟု အဆိုပါ အဖွဲ့က ၎င်းတို့၏ လူမှုကွန်ယက် ဖေ့စ်ဘွတ်ခ် စာမျက်နှာထက်တွင် အသိပေးထားသည်။

အဆိုပါ ပင့်ကူအမျိုးအစားများတွင် အလွန်ပြင်းထန်သည့် အာရုံကြောအဆိပ်ပါရှိပြီး အမများ၏ အဆိပ် ဂလင်းက ပိုကြီးကာ အဆိုပါ ပင်ကူအမျိုးအစားကို တွေ့ရပါက ကလေးသူငယ်နှင့် လူကြီးများပါ ဂရုစိုက်စေလိုပြီး အကိုက်ခံရလျှင် အသက်အန္တရာယ်ရှိကြောင်းလည်း တပါတည်း အသိပေးထားကြောင်း သိရသည်။
“မုဆိုးမပင့်ကူ ကိုက်ခြင်းကြောင့် အမေရိကန်နိုင်ငံတွင် နှစ်စဉ် လူ ၄ ယောက် မှ ၈ယောက်အထိ သေဆုံးကြောင်း မှတ်တမ်းများအရ သိရှိရပါသည်။ သေဆုံးသူများသည် အများအားဖြင့် ခုခံအားစနစ်ကျဆင်းနေသူများ သို့မဟုတ် အဆိပ်အတောက်နှင့် ဓါတ်မတည့်သူများဖြစ်သည်ဟု မှတ်တမ်းများအရသိရှိရသည်” ဟုလည်း အချက်အလက်ကို ဖော်ပြမျှဝေထားကြောင်း တွေ့မြင်ရသည်။

