April 29, 2024

၁၃. ၈. ၂၀၂၃
Written by Phyo Wei

တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ PDF တွေ တိုက်ခိုက်သတ်ဖြတ်မီးရှို့မှု လုပ်နေလို့ မကြာခဏကုန်သွယ်မှုပြတ်တောက်နေတဲ့ မြ၀တီကုန်သွယ်ရေးလမ်းကြောင်းဟာ ရေတိုက်စားမြေပြိုပြီး လမ်းပိုင်းတစ်ခုလုံး ကျိုးပြတ်သွားတာကြောင့် ကုန်သွယ်ရေးပြတ်တောက်ပါတယ်။ ဒါပေမဲ့လည်း မြဝတီနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတစ်ခုပဲ ထိုင်းနဲ့ ကုန်သွယ်နိုင်တာမဟုတ်ဘဲ တခြားလမ်းကြောင်းတွေလည်းရှိိလို့ ကုန်စည်စီးဆင်းမှုကို အထူးတလည်မထိခိုက်ပေမဲ့ စျေးတက်ချင်လို့ အခွင့်အရေးစောင့်နေတဲ့ အမြတ်ကြီးစားသူတွေအတွက်တော့ ဒီဖြစ်ရပ်ဟာလည်း ကုန်စျေးနှုန်း တက်ချင်စရာပါပဲ။ တစ်ဖက်မှာလည်း ၂၀၀၀၀ တန် ထွက်ပြီး အီလည်လိုက်နေတဲ့ ကားနဲ့ အိမ်ခြံမြေစျေးကွက်ဟာ ပိုက်ဘောမိနေတဲ့သူတွေ မချချင်လို့ ဆွဲတင်ထားတဲ့ စျေးတန်းအမြင့်မှာ အရောင်းအဝယ်မဖြစ်ဘဲ အေးစက်နေတဲ့ ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်အဖြစ်တော့ ဆန်စျေးတွေ လက်လီစျေးကွက်မှာ မြင့်တက်လာနေတဲ့အကြောင်း၊ ရွှေနဲ့ ဒေါ်လာ စျေးကွက်ဟာ အကျမရှိတော့တဲ့အကြောင်းနဲ့ မြန်မာ့ဘဏ်တွေနဲ့ အဆက်အသွယ်ဖြတ်ဖို့အတွက် လုပ်ဆောင်မယ်လို့ UOB ဘဏ် ပြောလာတဲ့အကြောင်းတွေကို သုံးသပ်တင်ပြချင်ပါတယ်။

“မြင့်တက်လာတဲ့ ဆန်စျေး”

အရန်ဆန်တွေ ထုတ်ရောင်းပေးပြီးနောက်ပိုင်းမှာ ဧည့်မထဆန် (ဆန်သား ၁၀ %) တစ်မျိုးတည်းသာ ဈေးနှုန်း မြင့်တက်မလာဘဲ အခြား ဆန်အမျိုးအစားတွေက ဈေးနှုန်း ဆက်လက်မြင့်တက်လာခဲ့ပြီး ရွှေဘိုပေါ်ဆန်းဆန် (ထူးထူးရှယ်)ဆိုရင် တစ်အိတ်ကို ကျပ် ၁၅၅,၀၀၀ ကျော်အထိ မြင့်တက်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ တစ်နှစ်ခွဲအတွင်း ပြည်တွင်းဆန်ဈေးနှုန်းဟာ အမျိုးအစားအလိုက် ရာခိုင်နှုန်း ၈၀ ကနေ ၁၄၆ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပြီး ကျပ် ၂၀,၀၀၀ တန် ငွေစက္ကူအသစ် ထုတ်ဝေမယ် ကြေညာခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းမှာ ဆန်ဈေးနှုန်းဟာ တစ်အိတ်ကို ၃၀၀၀ အထက် ထပ်မံမြင့်တက်လာခဲ့ပါတယ်။

အဲဒီနောက်မှာ ဆန်စျေးဟာ ဩဂုတ် ၄ ရက်မှာ ရွှေဘိုပေါ်ဆန်းဆန် တစ်အိတ်ကို ကျပ် ၁၃၀,၀၀၀၊ ကြားပျံ(ရှယ်) တစ်အိတ်ကို ကျပ် ၁၀၀,၀၀၀၊ ဖျာပုံပေါ်ဆန်း တစ်အိတ်ကို ကျပ် ၉၇,၀၀၀၊ ပေါ်ဆန်း(နယ်စုံ) တစ်အိတ်ကို ကျပ် ၉၅,၀၀၀၊ ဧည့်မထဆန်(အကြမ်း) တစ်အိတ်ကို ကျပ် ၆၀,၀၀၀၊ ဧည့်မထဆန် (ဆန်သား ၁၀ %) တစ်အိတ်ကို ကျပ် ၆၇,၀၀၀ ရှိခဲ့သလို အရန်ဆန် ထုတ်ရောင်းပေးခဲ့တဲ့ ဩဂုတ်လ ၇ ရက်နေ့မှာကို ရွှေဘိုပေါ်ဆန်းဆန် တစ်အိတ်ကို ကျပ် ၁၃၅,၀၀၀၊ ကြားပျံရှယ် တစ်အိတ်ကို ကျပ် ၁၀၅,၀၀၀၊ ဖျာပုံပေါ်ဆန်း တစ်အိတ်ကို ကျပ် ၁၀၀,၀၀၀၊ ပေါ်ဆန်း(နယ်စုံ) တစ်အိတ်ကို ကျပ် ၁၀၀,၀၀၀၊ ဧည့်မထဆန်(အကြမ်း) တစ်အိတ်ကို ကျပ် ၆၃,၀၀၀၊ ဧည့်မထဆန်(ဆန်သား ၁၀ %) တစ်အိတ်ကို ကျပ် ၆၇,၀၀၀ တက်ခဲ့လို့ လက်ကား ကုန်စည်ဒိုင်တွေမှာကို ဆန်အမျိုးအစားလိုက် တစ်အိတ်ကို ကျပ် ၃,၀၀၀ ကနေ ကျပ် ၅,၀၀၀ အကြား ထပ်မံမြင့်တက်ခဲ့တာ တွေ့ရပါတယ်။

လက်ရှိအချိန်မှာတော့ အစိုးရဟာ ဆန်စျေးနှုန်းထိန်းချုပ်နိုင်ဖို့နဲ့ စျေးကျဆင်းဖို့အတွက် စျေးနှုန်းသက်သာစွာနဲ့ ရောင်းချပေးနေပါတယ်။ ဒါပေမဲ့လည်း ကျဆင်းလာမှုမရှိတဲ့အပြင် ပိုပြီးတော့ ထပ်တက်နေရတာက ဖြေရှင်းနည်းမမှန်သလို ရန်ကုန်တစ်မြို့တည်းမှာ ဆန်အထူးစျေးနဲ့ ရောင်းလည်း ဆန်စျေးကျမှာ မဟုတ်ဘဲ နိုင်ငံတဝှမ်းလုံးကိုလွှမ်းခြုံပြီး ဆန်စျေးကျနိုင်တဲ့ အစီအမံတွေ လုပ်နိုင်ဖို့ လိုအပ်နေတာကို တွေ့ရပါတယ်။

“အကျမရှိတဲ့ ရွှေ၊ ဒေါ်လာ”

၂၀၂၂ ဩဂုတ်လထဲမှာ ရွှေတစ်ကျပ်သားကို ကျပ် ၃၈ သိန်းအထိ ရောက်ခဲ့သလို တစ်ဒေါ်လာကိုလည်း ၄၅၀၀၊ ၅၀၀၀ အထိ ရောက်ရှိမယ်လို့ လူထုကြားမတည်ငြိမ်အောင် လုပ်ဆောင်သူတွေက အတင်း စျေးဆွဲတင်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းကတော့ စျေးကစားသူတွေ ဖမ်းတာ၊ အစိုးရရွှေတွေ ထုတ်ရောင်းပေးတာတွေကြောင့် စျေးတွေ ပြန်ကျပြီး ဒေါ်လာက ၂၈၀၀ အောက်၊ ရွှေစျေးက ကျပ် ၂၅ သိန်းအောက် ပြန်လည်ကျဆင်းအောင် တစ်လအတွင်း လုပ်ပြနိုင်ခဲ့ပေမဲ့ လက်ရှိအချိန်မှာတော့ ရွှေစျေးနဲ့ ဒေါ်လာစျေးဟာ မိုးပျံအောင် တက်လာနေပါတယ်။

ရွှေနဲ့ ဒေါ်လာ ဘယ်လောက်အထိ စျေးတက်လာသလဲ ပြန်ကြည့်မယ်ဆိုရင် ဇူလိုင် ၂၃ ရက်မှာ အခေါက်ရွှေတစ်ကျပ်သား ကျပ် ၃၂၇၇၀၀၀ ပဲ ရှိခဲ့ရာက ဩဂုတ် ၁၀ ရက်မှာတော့ အခေါက်ရွှေတစ်ကျပ်သား ကျပ် ၃၇၃၀၀၀၀ အထိမြင့်တက်လာခဲ့သလို ဒေါ်လာစျေးကလည်း ကျပ် ၃၁၀၀ ကနေ ကျပ် ၃၅၈၀ အထိ မြင့်တက်လာခဲ့ပါတယ်။ ရွှေစျေးက ဩဂုတ် ၁၁ ရက်မှာ ကျပ် ၃၆၈၀၀၀၀ ပြန်ဖြစ်လာပေမဲ့ အရင်စျေးနားမကျတော့ပါဘူး။ ဒီပမာဏဟာ ၂၀၀၀၀ တန် ထွက်မယ်လို့ ကြေညာပြီးနှစ်ပတ်အတွင်း ရွှေနဲ့ဒေါ်လာစျေး ၁၅ ရာခိုင်နှုန်းလောက်ဆီ ရုတ်ချည်းခုန်တက်သွားတာပါ။ လက်ရှိအချိန်မှာတော့ အဲဒီလို မြင့်တက်နေတဲ့ ရွှေနဲ့ ဒေါ်လာစျေးတွေ ပြန်ကျအောင် လုပ်ဆောင်နိုင်တဲ့ အနေအထား မမြင်ရသေးသလို စျေးကွက်ဟာလည်း အရောင်းပိတ်၊ အဝယ်ရပ်နဲ့ မသွက်မလက် လေးကန်ကန်နဲ့ ဖြစ်လာပါတယ်။

“မြန်မာ့ဘဏ်တွေနဲ့ အဆက်အသွယ်ဖြတ်မဲ့ UOB”

ကျပ် ၂၀၀၀၀ တန် ထွက်မဲ့သတင်းကြောင့် အိမ်ခြံမြေ၊ ရွှေ၊ ငွေ၊ ကားတွေ ကုန်စျေးနှုန်းတွေ ဝုန်းကနဲ မြင့်တက်လာပေမဲ့ ကျပ် ၂၀၀၀၀ တန်ဟာ လူထုကြားကို အများအပြားမပြန့်ဘူးဆိုတာ လူထု လက်ခံပြီးနောက်မှာ ကုန်စျေးနှုန်း ပြန်ကျမလာတော့ပါဘူး။ စျေးခုန်တက်ဖို့ သိပ်လွယ်ခဲ့ပြီး အမြင့်စျေးမှာ အီခံနေတဲ့ စျေးနှုန်းတွေဟာ စင်ကာပူအခြေစိုက် UOB ဘဏ်က မြန်မာ့ဘဏ်တွေနဲ့ အဆက်အသွယ်ဖြတ်မယ်လို့ ကြေညာလိုက်ချိန်မှာတော့ နောက်တစ်ကြိမ် ကုန်စျေးနှုန်း ရိုက်တဲ့ လှိုင်းဒဏ်ကို ရင်ဆိုင်ရတော့တာပါပဲ။

ဒါဟာလည်း ကျပ် ၂၀၀၀၀ တန်ကို အားယူပြီး ကုန်စျေးနှုန်း ထပ်တက်ဖို့ ချောင်းနေတာကို ဖိဖိစီးစီး ကြပ်မတ်နိုင်မှု မရှိချိန်မှာ ထိုးနှက်လိုက်တဲ့ လက်သီးချက်ပြင်းပြင်းဖြစ်ပြီး ဒီဒဏ်ကို မရှုမလှခံလိုက်ရတာကတော့ ပြည်သူပါပဲ။

ဒါပေမဲ့လည်း ဒီနေ့ခေတ်ဟာ ကမ္ဘာကို အချိန်နဲ့ တစ်ပြေးညီ ကြည့်နိုင်တဲ့ခေတ်ပါ။ ကမ္ဘာမှာ အိမ်ခြံမြေ၊ ရွှေ၊ ဒေါ်လာစျေးက တက်နေသလား၊ ကျနေသလား။ မြန်မာနိုင်ငံမှာဖြစ်နေတဲ့ စျေးက ကမ္ဘာ့စျေးထက် မြင့်နေလား၊ နိမ့်နေလား ကြည့်နိုင်သလို ကမ္ဘာ့စျေးက နိမ့်နေပြီး မြန်မာ့စျေးက အရမ်းတက်နေရင်လည်း ဒီပုံစံမမှန်တဲ့စျေးဟာ ချက်ခြင်း ကျဆင်းမယ်ဆိုတာကို လူတိုင်းခန့်မှန်းနိုင်ပါတယ်။ ပြီးခဲ့တဲ့နှစ်ပိုင်းတွေမှာဆိုရင် ထိုင်းနိုင်ငံက ကွန်ဒိုတွေကို ဝယ်ယူမှုမှာ မြန်မာနိုင်ငံသားတွေ များပြားခဲ့ပါတယ်။ ဒါတွေဟာ မြန်မာ့အိမ်ခြံမြေစျေးမထိန်းနိုင်လို့ဖြစ်ပြီး အဲဒီလိုလူမသိသူမသိနိုင်ငံခြားငွေစီးထွက်မှုတွေကလည်း ထိန်းကျောင်းနိုင်မှုမရှိပါဘူး။ လက်ရှိအချိန်မှာဆိုရင် ပြည်သူကြားငွေလည်ပတ်ပြီး အရောင်းအဝယ်ဖြစ်ချင်လို့ ထိန်းကွပ်မှုမရှိခဲ့တဲ့ အိမ်ခြံမြေနဲ့ ကားစျေးဟာ အလွန့် အလွန်မြင့်မားစွာဖြစ်နေပြီး ဒီစျေးနှုန်းဟာ တစ်ချိန်ပြန်ပြုတ်ကျမှာပဲလို့ တွက်မိသူတိုင်းက မဖြစ်မနေ ဝယ်ရမဲ့ အခြေအနေမဟုတ်ရင် မဝယ်ကြတော့ပါဘူး။ ဒါဟာလည်း စျေးကွက်ကို တွက်ဆနိုင်မှုမရှိတာနဲ့ ထိန်းကျောင်းခြင်းမရှိတာတွေရဲ့ ဆိုးကျိုးလို့ပဲ ပြောရမှာပါ။ သေချာတာကတော့ ပြည်သူကြားမှာ ငွေလည်ပတ်မှုဖြစ်နေစေချင်ရင်တော့ စျေးအမြင့်တန်းခပ်မာမာနဲ့ အရောင်းအဝယ်မဖြစ်တော့တဲ့ ကားစျေးကွက်နဲ့ အိမ်ခြံမြေစျေးကွက်ကို ဖြစ်သင့်တဲ့နှုန်းဆီ ပြန်ထိန်းဖို့ လိုအပ်ပါလိမ့်မယ်။ ဒီစျေးကွက်နှစ်ခုဟာ စျေးအမြင့်မှာပဲ ဆက်ပြီး တင်းခံနေတာနဲ့အမျှ လူထုကြားမှာ ငွေစီးဆင်းမှုကျဆင်းသွားနိုင်သလို အိမ်ခြံမြေ၊ ကားမဝယ်ကြတော့ဘဲ ရွှေနဲ့ ဒေါ်လာကို ပြန်ဝယ်စုဖို့ ကြိုးပမ်းလာပြန်ရင်လည်း အခုကို အမြင့်စျေးဘက်ရောက်နေတဲ့အခြေအနေဟာ ထိန်းမရသိမ်းမရဖြစ်သွားနိုင်တာကိုလည်း ကြိုတင်တွက်ဆသင့်ပါတယ်လို့ တင်ပြရင်း ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်ကို ရပ်နားလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News