၁၃.၈.၂၀၂၃
Written by Min Mahar

နွားထိုးကြီးမြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင်လူ လေးဦးကို PDF များက သြဂုတ်လ ၁၁ ရက် ညက ပစ်ခတ်သ-တ်ဖြတ်သွားခဲ့ပြီး သြဂုတ်လ ၁၂ ရက် နံနက်ပိုင်းတွင် အဆိုပါသေဆုံးသူအလောင်းများကို သယ်ဆောင်လာသော လုံခြုံရေးယာဉ်နှင့် လူမှုကူညီရေးယာဉ်တို့ ထပ်မံမိုင်းဆွဲခဲ့၍ ရဲတပ်ဖွဲ့ဝင် တစ်ဦးအပါအဝင် လူလေးဦးဒဏ်ရာရရှိမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံသတင်းများအရ သိရသည်။

ဖြစ်စဉ်မှာ ဩဂုတ်လ ၁၁ ရက်၊ ည ၈ နာရီဝန်းကျင်ခန့်က မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ မင်းရွာကျေးရွာတွင် PDF အဖွဲ့မှလူ ရှစ်ဦးခန့်က ဆိုင်ကယ်လေးစီးဖြင့် ရောက်ရှိလာပြီး အခြေခံပညာအထက်တန်းကျောင်း(မင်းရွာ) ကျောင်းဝင်းအတွင်းရှိ စာသင်ဆောင် နှစ်ဆောင်နှင့် ဆရာ/ဆရာမများ နားနေဆောင် တစ်ဆောင်တို့အား မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် ၎င်းမင်းရွာကျေးရွာ၌ ခေတ္တလာရောက်နေထိုင်နေကြသော နွားထိုးကြီးမြို့နယ်၊ အိုရင်းကျေးရွာနေသူများဖြစ်ကြသည့် နွားထိုးကြီးမြို့နယ်၊ ကြောင်နံကျေးရွာအုပ်ချုပ်ရေးမှူး အ့သက် ၆၃ နှစ်ခန့်ရှိသောဦးအုန်းဖေ၊ အသက် ၆၇ နှစ်အရွယ်ခန့်ရှိသောဒေါ်မိုး(အုပ်ချုပ်ရေးမှူး၏ဇနီး)၊ အသက် ၆၇ နှစ်အရွယ် ဦးရဲမြင့်နှင့် အသက် ၅၄ နှစ်အရွယ် ဒေါ်အေးခိုင် တို့ ၄ ဦးကို ည ၉ နာရီဝန်းကျင်ခန့်တွင် သေနတ်ဖြင့် ပစ်ခတ်သ-တ်ဖြတ်သွားခဲ့ကြောင်း သိရသည်။

ထို့ပြင် ၎င်း PDF များ မီးရှို့ဖျက်ဆီးမှုကြောင့် အထက(မင်းရွာ)ကျောင်းဝင်းအတွင်းရှိ အလျား ၈၆ ပေ၊ အနံ ၂၇ ပေ၊ အမြင့် ၁၁ ပေခန့်ရှိသော သွပ်မိုး၊ ထရံကာ စာသင်ဆောင် တစ်ဆောင်နှင့် ဆရာ/ဆရာမများ နားနေဆောင်တစ်ဆောင်တို့လုံးဝပြုတ်ကျသည်အထိ လောင်ကျွမ်းသွားပြီး အလျား ၆၀ ပေ၊ အနံ ၃၀ ပေ၊ အမြင့် ၁၁ ပေခန့်ရှိ သော သွပ်မိုး၊ အုတ်စီနံရံကပ်စာသင်ဆောင်မှာ ပြတင်းပေါက်နှင့်တံခါးရွက်တို့ မီးလောင်ပျက်စီးသွားခဲ့သည်။

အဆိုပါဖြစ်စဉ်ဖြစ်ပွားမှုကို သတင်းရရှိသဖြင့် မိတ္ထီလာတပ်နယ်မှ တာဝန်ရှိသူများနှင့် နယ်မြေလုံခြုံရေးပူးပေါင်းအဖွဲ့များက ဩဂုတ်လ ၁၂ ရက်၊ နံနက် ၆ နာရီခန့်တွင် အခင်းဖြစ်သည့်နေရာနှင့် အနီးပတ်ဝန်းကျင်တိုအားသွားရောက်ကာ နယ်မြေရှင်းလင်းရေးများပြုလုပ်ခဲ့ပြီး ဒေသခံလူမှုကူညီရေးယာဉ်နှင့် လုံခြုံရေးအဖွဲများစီးလာသည့်ယာဉ်တို့က နံနက် ၈ နာရီခန့်တွင် သေဆုံးသွားသူ လေးဦး၏ ရုပ်အလောင်းများကို သယ်ဆောင်၍ နွားထိုးကြီးမြို့သို့ ထွက်ခွာလာစဉ် နွားထိုးကြီးမြို့၏ အနောက်ဘက် တစ်မိုင်ခွဲခန့်အကွာအရောက်တွင် PDF များက ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲဝင်များမှလည်း ပြန်လည်ပစ်ခတ်ခဲ့ရာ PDF များ ဆုတ်ခွာထွက်ပြေးသွားကြောင်း သိရသည်။

ယင်းမိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် ရဲတပ်ဖွဲ့ဝင် ၁ ဦး (စိုးရိမ်ရ)နှင့် လူမှုကူညီရေးအသင်းမှအဖွဲ့ဝင် ၃ ဦး(မစိုးရိမ်ရ)တို့ ဒဏ်ရာများအသီးသီးရရှိခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ လူလေးဦးအား အသက်သေဆုံးအောင်ပစ်ခတ်သ-တ်ဖြတ်ခဲ့သည့်အပြင် အလောင်းများအား သယ်လာသောယာဉ်များအား မိုင်းဆွဲတိုက်ခိုက်ခဲ့သော PDF များအား အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် အခင်းဖြစ်ပွားသည့်အနီးဝန်းကျင်များကို ပူးပေါင်းလုံခြုံရေးအဖွဲများမှ ပိတ်ဆို့စစ်ဆေးမှုများပြုလုပ်ကာ လိုက်လံရှင်းလင်းဆောင်ရွက်မှုများပြုလုပ်ခဲ့ပြီး နယ်မြေခံရဲစခန်းတွင်လည်း အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၄ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *