၁၂. ၈. ၂၀၂၃

Written by Ye Kyaw

သတင်းစာစက္ကူစက်ရုံ(သာပေါင်း)မှ ထုတ်လုပ်သည့် စက္ကူများသည် အရည်အသွေးများစွာကောင်းမွန်သည့်အတွက် သတင်းစာထုတ်လုပ်ခြင်း၌သာမက ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်မှုများအတွက်လည်း အသုံးပြုနိုင်မည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(SAC)ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူကြီးမင်းအောင်လှိုင်က ဩဂုတ်လ ၁၂ ရက်တွင် ပြုလုပ်သည့် သတင်းစာစက္ကူစက်ရုံ(သာပေါင်း) စတင်ဖွင့်လှစ်ခြင်းအခမ်းအနားတွင် ပြောကြားခဲ့သည်။

ခေတ်ကာလ၏အခြေအနေအရ အွန်လိုင်းမီဒီယာအသုံးပြုမှု ပိုမိုများပြားလာပြီး ပုံနှိပ်(Printed) မီဒီယာ အားနည်းလာသည်ကို တွေ့ရှိရကြောင်း၊ သတင်းစာစက္ကူလိုအပ်ချက်များမှာ ယခင်ကထက် လျော့နည်းလာသည်ကို တွေ့ရသော်လည်း နေ့စဉ်ထုတ်သတင်းစာများသည် သမိုင်းကိုဖော်ပြနေခြင်းဖြစ်သဖြင့် နိုင်ငံတိုင်းတွင် သတင်းစာကို နေ့စဉ်ရိုက်နှိပ်ထုတ်ဝေနေရခြင်းဖြစ်ပြီး သတင်းစာစက္ကူလိုအပ်ချက်သည်လည်း အမြဲမပြတ်ရှိနေမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

  သတင်းစာစက္ကူစက်ရုံ(သာပေါင်း) အနေဖြင့် သစ်၊ ဝါး ကုန်ကြမ်းများစွာလိုအပ်မည်ဖြစ်သဖြင့် စဉ်ဆက်မပြတ်ရရှိရေး ဆောင်ရွက်ရန်လိုကြောင်း၊ ကုန်ကြမ်းရယူရာတွင် စက်ရုံအနီးဝန်းကျင်မှရရှိရန်လိုပြီး အဝေးမှ သယ်ယူရမည်ဆိုပါက သယ်ယူပို့ဆောင်စရိတ်များ များပြားမည်ဖြစ်သဖြင့် ထုတ်လုပ်မှု ကုန်ကျစရိတ်သည်လည်း မြင့်မားလာမည်ဖြစ်ကြောင်း၊ စီးပွားရေးအရ တွက်ချေကိုက်သည့် သစ်တောစိုက်ခင်း၊ ဝါးစိုက်ခင်းများ ရရှိရန်လိုကြောင်းနှင့် သွင်းအားစုများအနက် အဓိကလိုအပ်ချက်ဖြစ်သည့် သဘာဝဓာတ်ငွေ့ စဉ်ဆက်မပြတ်ရရှိရေးအတွက်လည်း စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်း SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

စက္ကူလိုအပ်ချက်ကို ပြည်တွင်း၌ လုံလောက်စွာထုတ်လုပ်နိုင်မည်ဆိုပါက နိုင်ငံခြားငွေသုံးစွဲနေမှုကို များစွာလျော့နည်းစေမည်ဖြစ်ကြောင်း၊ အလားတူ အခြားသွင်းကုန်ပစ္စည်းများဖြစ်သည့် ရာဘာထုတ်ကုန်ပစ္စည်း၊ လူသုံးကုန်ပစ္စည်းများကို ပြည်တွင်း၌ လုံလောက်စွာထုတ်လုပ်နိုင်မည်ဆိုပါက ပြည်ပသွင်းကုန်များကို အစားထိုးနိုင်မည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *