၃၁. ၇. ၂၀၂၃
Written by Tha Doe

၁၉၅၁ ခုနှစ်၊ အလုပ်ရုံများအက်ဥပဒေ ပုဒ်မ ၅၉၊ ၆၃၊ ၆၄၊ ၇၁ တို့ကို ဖောက်ဖျက်ကျူးလွန်သည့် တရုတ်နိုင်ငံသားပိုင် W & F Group ကုမ္ပဏီ အထည်ချုပ်စက်ရုံ လုပ်ငန်းပိုင်ရှင်နှင့် မန်နေဂျာတို့အား အလုပ်သမားဝန်ကြီးဌာနက တရားစွဲမည်ဟု သိရသည်။

ဖြစ်စဥ်မှာ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ ဝါးတစ်ရာစက်မှုဇုန်၊ သိမ်ချောင်းလမ်း၊ အမှတ် (၂၅၃)ရှိ Mrs. Zhang Yingye (တရုတ်နိုင်ငံသား)ပိုင် W & F Group Co., Ltd အထည်ချုပ်စက်ရုံသည် အလုပ်သမားများအား (၃) လကျော်ကြာအောင် အချိန်ပိုခိုင်းစေသဖြင့် အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနသို့ (၃) ကြိမ်တိုင် တိုင်ကြားခဲ့ကြောင်း၊ အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ (၃) ကြိမ်တိုင် လာရောက်စစ်ဆေးခဲ့သော်လည်း ဂရုမစိုက်ဘဲ နောက်ထပ်တစ်လကြာအောင် အချိန်ပိုဆက်ခေါ်ခဲ့ကြောင်း၊ အလုပ်သမားရေးရာအဖွဲ့ဖြင့် လာရောက်စစ်ဆေးရာတွင် သီးခြားမစစ်ဆေးဘဲ မန်နေဂျာ၊ HR များရှေ့တွင် စစ်ဆေးမေးမြန်းခဲ့ကြောင်း၊ စက်ရုံအလုပ်သမားများကို အလုပ်သမား အရာရှိများက တွေ့ဆုံစစ်ဆေးခဲ့သော်လည်း မှန်ကန်သည့် စစ်ဆေးမှုပြုလုပ်ခဲ့သလား၊ တိကျသည့် အချက်အလက်တွေရရှိခဲ့သလား၊ ကျင့်ဝတ်နှင့်ပြည့်စုံပြီး စည်းကမ်းစနစ်ကျသည့် စစ်ဆေးမှုတွေ ပြုလုပ်ခဲ့သလား၊ စက်ရုံတွင် တစ်ရက်လျှင် အလုပ်ချိန်နှင့် အချိန်ပိုစုစုပေါင်း (၁၂) နာရီနှုန်းဖြင့် တစ်ပတ်လျှင် နာရီ (၈၀)ကျော် အလုပ်လုပ်ကိုင်ရကြောင်း၊ တစ်ရက်လျှင် (၄)နာရီ ၊ တစ်ပတ်လျှင် (၃၂) နာရီခန့် အချိန်ပိုလုပ်ကိုင်ရသည့်အပြင် တနင်္ဂနွေနေ့တွင်လည်း (၈)နာရီ ထပ်မံအလုပ်ဆင်းရကြောင်း၊ စက်ရုံ၏အလုပ်ချိန်မှာ မနက် ၈ နာရီမှ ညနေ ၃ နာရီခွဲ ၃၀ ဖြစ်သော်လည်း အလုပ်ဆင်းချိန်မှာ ည ၁၀ နာရီခွဲဖြစ်၍ တစ်ရက်အလုပ်ချိန် (၁၂)နာရီကို နေ့စဉ်လုပ်ကိုင်နေရကြောင်း၊ အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေး ဦးစီးဌာနမှ လာရောက်စစ်ဆေးပြီးနောက် အချိန်ပိုကို ည ၈ နာရီခွဲထိ ဆင်းနေရပါကြောင်းနှင့် ရက်သတ္တပတ်အတွင်း အချိန်ပို (၂၅) နာရီထိ ဆင်းရပါကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ ဇွန်လ၂၂ ရက်၊ ဇူလိုင် ၅ ရက်နှင့် ၈ ရက်တို့တွင် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနတို့ ပါဝင်သည့် ဝန်ကြီးဌာနအောက်ရှိ မြို့နယ်ပေါင်းစပ်အဖွဲ့မှ တာဝန်ခံအရာရှိများသည် စက်ရုံသို့သွားရောက်၍ စက်ရုံမှူး၊ မန်နေဂျာနှင့် Account မန်နေဂျာ၊ MD ကိုယ်စားလှယ်နှင့် အလုပ်သမားများအားတွေ့ဆုံ၍ စစ်ဆေးမေးမြန်းခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာ အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၏ ခွင့်ပြုအချိန်ပိုနာရီမှာ ညနေ ၅ နာရီမှ ၇ နာရီအထိ ခွင့်ပြုထားသော်လည်း အလုပ်သမားများမှ အိမ်ပြန်သည့်အခါ စော၍ပြန်နိုင်ရန်အတွက် အချိန်ပိုလုပ်ကိုင်ရာတွင် အလုပ် ရှင်၊ အလုပ်သမားသဘောတူညီမှုဖြင့် အချိန်ပို မစတင်မီ မိနစ် (၃၀) အနားမယူဘဲလုပ်ကိုင်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့မှုအပေါ် စက်ရုံသည် နာရီဝက်အနားပေးခြင်းမရှိဘဲ (၅)နာရီထက်ပို၍ တစ်ဆက်တည်းခိုင်းစေကြောင်း၊ ရက်သတ္တပတ်အလုပ်ပိတ်ရက်ဖြစ်သည့် ဧပြီ ၃၀ ရက်နေ့ (တနင်္ဂနွေနေ့) တွင် လုပ်ငန်းလုပ်ကိုင်ရန် အလုပ်သမားများ၏ သဘောဆန္ဒဖြင့် အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနသို့ ခွင့်ပြုချက်ကြိုတင်လျှောက်ထား၍ အလုပ်လုပ်ကိုင်ခဲ့ပြီး မေ ၂ ရက်နေ့တွင် ရက်အစားထိုး အနားပေးထားကြောင်း၊ မေလနှင့် ဇွန်လတို့ရှိ တနင်္ဂနွေနေ့များတွင် အလုပ်လုပ်ကိုင်ခဲ့ခြင်း မရှိပါကြောင်းနှင့် မေလ ၃၁ ရက်နေ့တွင် လုပ်ငန်းလိုအပ်ချက်အရ မိမိတို့အလုပ်သမားများ၏ သဘောဆန္ဒရယူ၍ ည ၈ နာရီခွဲအထိ အချိန်ပိုလုပ်ကိုင်ခဲ့ကြောင်း၊ ဇူလိုင်လအတွင်း အချို့အလုပ်သမားများမှာ ညနေ ၄ နာရီခွဲမှ ၆ နာရီခွဲ၊ ၄ နာရီခွဲမှ ၇ နာရီခွဲ၊ ၄ နာရီခွဲမှ ၈ နာရီခွဲအထိလည်းကောင်း ခွင့်ပြုအချိန်ပိုထက် ပိုမိုလုပ်ကိုင်နေရကြောင်းနှင့် ဇူလိုင် ၇ ရက်နေ့တွင် စက်ရုံအလုပ်သမား (၁)ဦး၏ ဖုန်းဖြင့်တိုင်ကြားချက်အရစစ်ဆေးရာ ခွင့်ပြုအချိန်ထက် ကျော်လွန်လုပ်ကိုင်ခဲ့ကြောင်း၊ ဇွန် ၂၀ ရက်နေ့တွင် အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) ကို ပြန်လည်ဖွဲ့စည်းခဲ့ကြောင်း၊ စက်ရုံရှိ အလုပ်သမား (၅၀၀) ကျော်ကို (EC) စာချုပ်ချုပ်ဆိုထားသဖြင့် အလုပ်သမား (၁၀၀) ဦးခန့် ချုပ်ဆိုရန် ကျန်ရှိနေကြောင်းနှင့် အလုပ် သမား (၂၃၀) ဦး လူမှုဖူလုံရေးထည့်ဝင်ကြေးပေးသွင်းရန် ကျန်ရှိသည့်အတွက် ထည့်ဝင်ကြေးပေးသွင်းရန် အကြောင်းကြားပြီးဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

ထို့အတွက် W & F Group Co., Ltd အထည်ချုပ်စက်ရုံ၏ အလုပ်သမားရေးရာ သတင်းဖော်ပြချက်များနှင့် ပတ်သက်၍ သတင်းဖော်ပြချက် (၁၀) ချက်အနက် (၆) ချက်မှာ မှန်ကန်မှုမရှိသော်လည်း အလုပ်ရှင်၊ အလုပ်သမား သဘောတူညီမှုဖြင့် အချိန်ပိုမစတင်မီ မိနစ် (၃၀) အနားမယူဘဲ လုပ်ကိုင်ခဲ့ကြောင်းနှင့် ဇူလိုင်လများအတွင်း ခွင့်ပြုအချိန်ပိုထက် ကျော်လွန်ခိုင်းစေခဲ့ကြောင်းစစ်ဆေးတွေ့ရှိရသဖြင့် အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ ၁၉၅၁ ခုနှစ်၊ အလုပ်ရုံများအက်ဥပဒေ ပုဒ်မ ၅၉၊ ၆၃၊ ၆၄၊ ၇၁ တို့ကို ဖောက်ဖျက်ကျူးလွန်သည့် လုပ်ငန်းပိုင်ရှင်နှင့် မန်နေဂျာတို့အား ၁၉၅၁ ခုနှစ်၊ အလုပ်ရုံများအက်ဥပဒေ ပုဒ်မ ၈၅ အရ တရားစွဲဆိုမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနမှ သိရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *