၂၈. ၁၀. ၂၀၂၂

Written by Tha Doe

သူရဦးရွှေမန်း၏ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ (UNION BETTERMENT PARTY (UBP)) ကို အပြီးသတ်ဖျက်သိမ်းလိုက်ပြီးဖြစ်ကြောင်း ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က ယနေ့တွင် ကြေညာထားသည်။

အောက်တိုဘာ ၂၈ ရက်ထုတ် နိုင်ငံပိုင်သတင်းစာများတွင် တရားဝင်ကြေညာချက်အရ UBP ပါတီအား မှတ်ပုံတင်အမှတ် (၁၁၂)၊ ၂၅-၄-၂၀၁၉ ရက်စွဲပါ ကြေညာချက် အမှတ်(၅၈/၂၀၁၉)ဖြင့် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခဲ့ပြီး UBP ပါတီက အောက်တိုဘာ ၁၂ ရက်တွင် စာအမှတ်၊ ၁/စီမံ-၁ /ပကဆ/(၂) ဖြင့် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းမှ ဖျက်သိမ်းပေးပါရန် တင်ပြချက်နှင့်စပ်လျဉ်း၍ အောက်တိုဘာ ၂၅ ရက်တွင် ကျင်းပသော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် စီမံခန့်ခွဲရေးကော်မတီအစည်းအဝေးအမှတ်စဉ်(၁၂/၂၀၂၂)၏ ဆုံးဖြတ်ချက်အရ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၁၉(က) နှင့်အညီ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းမှ ပယ်ဖျက်၍ ပါတီကို ဖျက်သိမ်းရန် အတည်ပြုခဲ့သည်။

ထို့ကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် နိုင်ငံရေး ပါတီအဖြစ် မှတ်ပုံတင်ထားသည့် UBP ပါတီကို ၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၇ ရက်မှစ၍ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းမှ ပယ်ဖျက်၍ ပါတီအား ဖျက်သိမ်းလိုက်သည်ဟု ဖော်ပြထားသည်။

ပါတီနိုင်ငံရေး ဆက်လုပ်ရန် ဆန္ဒမရှိတော့သဖြင့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီအား ဖျက်သိမ်းရခြင်းဖြစ်ကြောင်း သူရဦးရွှေမန်းက အောက်တိုဘာ ၁၂ ရက်တွင် အသိပေးထားသည်။

သူရဦးရွှေမန်း၏ UBP ပါတီ ဖျက်သိမ်းမည့် အသိပေးစာတွင် ပါတီကို ဦးဆောင်ဖွဲ့စည်းခဲ့သည့် ခေါင်းဆောင်များသည် ယခုအခါ အသက်အရွယ် ကြီးရင့်လာကြပြီး ကျန်းမာရေးချို့တဲ့သူများရှိသလို လူမှုရေးနှင့် အခြားအခက်အခဲများ ရှိလာကြခြင်း၊ ပါတီနိုင်ငံရေးအား ဆက်လက်လုပ်ကိုင်ရန် ဆန္ဒမရှိကြတော့ခြင်းတို့ကြောင့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီအား နိုင်ငံရေးပါတီမှတ်ပုံတင်ထားခြင်းမှ ဖျက်သိမ်းရန် ဗဟိုအလုပ်အမှုဆောင်များက သဘောတူ ဆုံးဖြတ်ခဲ့ကြသည် ဟု ဖော်ပြထားသည်။

ထို့အတွက် UBP ပါတီ ဖွဲ့စည်းရန် စတင်ဆောင်ရွက်စဉ်မှအစ ပါတီတည်ထောင်ပြီး စည်းရုံးလှုပ်ရှားမှုနှင့် ရွေးကောက်ပွဲဝင်ပြီးနောက် ယခု နိုင်ငံရေးပါတီ အဖြစ် မှတ်ပုံတင်ထားခြင်းမှ ဖျက်သိမ်းရန် ဆုံးဖြတ်လုပ်ဆောင်သည့် အချိန်အထိ ငွေ၊ ပစ္စည်း၊ လုပ်အားတို့ဖြင့် ပါဝင်ကူညီအားပေးခဲ့ကြသူများအား အထူးကျေးဇူးတင် အမှတ်ရနေမည် ဖြစ်ကြောင်းလည်း ဖော်ပြခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *