၂၈. ၁၀. ၂၀၂၂

Written by Hey Mar

ရေကြောင်းပညာတက္ကသိုလ်မှ လာမည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် စတင်ဖွင့်လှစ်ပို့ချမည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အချိန်ပိုင်း ဘွဲ့လွန်ဒီပလိုမာ သင်တန်းများအတွက် တက်ရောက်ခွင့်လျှောက်လွှာများကို နိုဝင်ဘာ ၁ ရက်မှစတင်ကာ ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့ရှိ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်တွင် လာရောက်ထုတ်ယူနိုင်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ်၏ ဝက်ဘ်ဆိုက်တွင် ကြေညာထားသည်။

တက္ကသိုလ်မှ ဘွဲ့တစ်ခုခု ရရှိပြီးသူတိုင်း ယခု ဖွင့်လှစ်မည့် ဘွဲ့လွန်ဒီပလိုမာတန်းများကို တက်ရောက်ရန်လျှောက်ထားခွင့်ရှိပြီး လူဦးရေ ကန့်သတ်ထားသည့်အတွက် သင်တန်းအနေနှင့် သင်တန်းသားရွေးချယ်ရာတွင် လုပ်ငန်းခွင်နီးစပ်မှုရှိသူများကိုသာ စိစစ်ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။

သင်ကြားပို့ချမည့် သင်ခန်းစာများမှာ သင်္ဘောလုပ်ငန်းစီမံခန့်ခွဲမှုပညာဘွဲ့လွန်ဒီပလိုမာ (Post Graduate Diploma in Shipping Management)၊ ဆိပ်ကမ်းစီမံခန့်ခွဲမှုပညာဘွဲ့လွန်ဒီပလိုမာ (Post Graduate Diploma in Port Management) နှင့် ထောက်ပံ့သယ်ယူပို့ဆောင်ရေး စီမံခန့်ခွဲမှုဘွဲ့လွန်ဒီပလိုမာ(Post Graduate Diploma in Transport & Logistics Management) စသည့် ၃ မျိုး ဖြစ်ပြီး သင်တန်းကာလမှာ ၁ နှစ်ကြာမြင့်မည်ဖြစ်သည်။

ထောက်ပံ့သယ်ယူပို့ဆောင်ရေး စီမံခန့်ခွဲမှုဘွဲ့လွန်ဒီပလိုမာ အတန်းအတွက် သင်တန်းသားဦးရေ ၇၀ ခေါ်ဆောင်ပေးမှာဖြစ်ပြီး ကျန် ဒီပလိုမာတန်း ၂ခုကိုမူ သင်တန်းသားဦးရေ ၅၀ စီသာ ခေါ်ဆောင်မည် ဖြစ်သည်။

လျှောက်လွှာများကို ၂၀၂၂ခုနှစ် နိုဝင်ဘာ ၁၈ ရက်နေ့ ရုံးချိန်အတွင်း ပြန်လည်ပေးပို့ရမည်ဖြစ်ပြီး ဝင်ခွင့်လျှောက်လွှာများတွင် အချက်အလက်များကို ပြည့်စုံမှန်ကန်စွာဖြည့်သွင်း၍ လျှောက်လွှာနှင့်အတူ ပတ်စ်ပို့အရွယ် ဓာတ်ပုံ (၃)ပုံ၊ ဘွဲ့လက်မှတ်မူရင်းနှင့် မိတ္တူ၊ အမျိုးသားမှတ်ပုံတင် (သို့) နိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်းနှင့် မိတ္တူတို့ကို ပူးတွဲတင်ပြရမည်ဟု ကြေငြာချက်တွင်ပါရှိသည်။ အရွေးချယ်ခံရသူများအနက် လူတွေ့ ဖြေဆိုခွင့်ရသူကို နိုဝင်ဘာ ၂၁ ရက်တွင် ကြေညာမည်ဖြစ်သည်။ ထို့နောက် နိုဝင်ဘာ၂၉ ရက်တွင် သင်တန်းတက်ရောက်ခွင့်ရသူများစာရင်းကို မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်နှင့် တက္ကသိုလ်၏ ဝက်ဘ်ဆိုက်တွင် ကြည့်ရှုနိုင်မည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *