၂၈. ၁၀. ၂၀၂၂

Written By A Thaung

Dongfeng Motor Myanmar မှ တရုတ်နိုင်ငံထုတ် BYD အမှတ်တံဆိပ် လျှပ်စစ်ကားများအား လာမည့်နှစ်နှစ်စပိုင်းတွင် မြန်မာဈေးကွက်အတွင်းဖြန့်ချိနိုင်ရန် ပြင်ဆင်နေကြောင်း စုံစမ်းသိရှိရသည်။

လတ်တလောတွင် ပြည်ပမှ လျှပ်စစ်ကားများ တင်သွင်းရောင်းချခွင့်ရရှိထားသည့် လျှပ်စစ်ကားကုမ္ပဏီသုံးခုရှိနေပြီး BYD အမှတ်တံဆိပ်လျှပ်စစ်ကားမှာ တရုတ်နိုင်ငံတွင် ရောင်းအားအကောင်းဆုံးနှင့် နည်းပညာမြင့်မားသောကားဖြစ်သည်။

“Sale, service and Spare part တွေ Warranty တွေပါဝင်တဲ့ BYD အမှတ်တံဆိပ် Electric Vehicle တွေဖြစ်တဲ့ Dolphin, Att0-3 နှင့် Han အမျိုးအစားကားတွေကို တင်သွင်းရန် ခွင့်ပြုမိန့်ရရှိထားပြီးဖြစ်တဲ့အတွက် Partner တွေနဲ့ပူးပေါင်း၍ ၂၀၂၂ ခုနှစ်ကုန်အမီ တင်သွင်းပေးသွားဖို့ စီစဉ်ပါမယ်” ဟု အဆိုပါလျှပ်စစ်ကား တင်သွင်းရောင်းချရန်ပြင်ဆင်နေသည့် Farmer Auto မှ မန်နေဂျင်းဒါရိုက်တာ ဒေါက်တာစိုးထွန်းက သူ၏လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။

မြန်မာဈေးကွက်အတွင်းသို့ BYD အမှတ်တံဆိပ်လျှပ်စစ်ကားများ တင်သွင်းရောင်းချနိုင်ရန်အတွက် ဈေးနှုန်းသတ်မှတ်ထားခြင်းမရှိသေးသော်လည်း ဈေးနှုန်းသတ်မှတ်နိုင်ရန် အရောင်းကိုယ်စားလှယ်များနှင့် ညှိနှိုင်းမှုပြုလုပ်နေကြောင်း သိရသည်။

ယခုတွင် BYD အမှတ်တံဆိပ် မော်တော်ကားများ၏ အရောင်းဈေးနှုန်းများ ထွက်ပေါ်လာသော်လည်း ထိုဈေးနှုန်းများမှာ တရားဝင်ဈေးနှုန်းများမဟုတ်ကြောင်း အရောင်းကိုယ်စားလှယ်တစ်ဦးဖြစ်သည့် MoeZac Auto မှ တာဝန်ရှိသူက ပြောသည်။

“ထွက်လာတဲ့ဈေးတွေက ဒေါ်လာနဲ့ဈေးတွေဖြစ်နေပါတယ်။ ဒီဈေးတွေမဟုတ်သေးပါဘူး။ ဒီမှာရောင်းရင် မြန်မာငွေနဲ့ တန်ဖိုးသတ်မှတ်ပြီး ရောင်းမှာပါ” ဟု ၎င်းကပြောသည်။

လူမှုကွန်ရက်စာမျက်နှာတွင် ပျံ့နှံ့လာသော MoeZac Auto မှ BYD ကားများ၏ဈေးနှုန်းများမှာ Dolphin အား ကန်ဒေါ်လာ ၂၅၇၀၀၊ Atto 3 အား ကန်ဒေါ်လာ ၃၆၃၀၀ နှင့် Han ကို ကန်ဒေါ်လာ ၅၃၈၀၀ သတ်မှတ်ထားကြောင်း သိရသည်။

BYD အမှတ်တံဆိပ် လျှပ်စစ်ကားများကို လျှပ်စစ်ရထား၊ လျှပ်စစ်စက်ဘီး၊ ဘက္ကထရီများထုတ်လုပ်နေသည့် တရုတ်နိုင်ငံအခြေစိုက် BYD Auto Company မှ ထုတ်လုပ်ထားခြင်းဖြစ်ပြီး ဥရောပတွင်လည်း လူကြိုက်များနေသည့် ကားဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *