MT News

Written by Naing Thuta

ပုသိမ်ကြီးမြို့နယ်သို့ မီတာခဆောင်ရန်သွားသည့် ရာအိမ်မှူးတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရမှု ယမန်နေ့နံနက်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ အိုင်ကြီးကျေးရွာအုပ်စု၊ တောတွင်ကျေးရွာနေ အသက် ၆၀ ဝန်းကျင်ခန့်ရှိသော ရာအိမ်မှူး ဦးခင်မောင်စိုးသည် အောက်တိုဘာ၂၇ ရက် နံနက် ၁၀ နာရီခန့်တွင် မြို့နယ်လျှပ်စစ်ရုံးသို့ မီတာခပေးဆောင်ရန် ဆိုင်ကယ်ဖြင့်သွားရောက်စဉ် အိုင်ကြီးကျေးရွာ အရှေ့ဘက်အရောက် ဆိုင်ကယ် ၂ စီး၊ အမည်မသိလူ ၄ ဦးမှ သေနတ်ဖြင့် ပစ်ခတ်သွားခဲ့ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။

“မနက် ၁၀ နာရီထိုးကာနီးလောက်မှာ တောတွင်ကျေးရွာ ရာအိမ်မှူး သေနတ်ပစ်ခံရတယ်။ အမည်မသိ လူ ၄ ယောက်က ဆိုင်ကယ်နှစ်စီးနဲ့ရောက်လာပြီး ပစ်သွားတာ။ အသက်တော့ မသေသွားပေမဲ့ တော်တော်တော့ စိုးရိမ်ရတယ်။ အခုနန်းတွင်း စစ်ဆေးရုံမှာ ဆေးကုသနေတယ်လို့ ကြားတယ်” ဟုအဆိုပါဒေသခံက ဆိုသည်။

သေနတ်ဖြင့်ပစ်ခတ်ခံရသည့် ရာအိမ်မှူးသည် ယာဘက်ရင်ဘတ် ဖောက်ဝင် ဒဏ်ရာ ၁ ချက် (စိုးရိမ်ရ) ရရှိခဲ့ပြီး မန္တလေးနန်းတွင်း စစ်ဆေးရုံ၌ ဆေးကုသမှုခံယူနေကြောင်းနှင့် သေနတ်ဖြင့် ပစ်ခတ်ခဲ့သူ အမည်မသိ လူ ၄ ဦးအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ – ၅၄ ဖြင့် အုန်းချောနယ်မြေရဲစခန်းတွင် အမှုဖွင့်အရေးယူထားရှိပြီး ဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိသော်လည်း ၎င်းပစ်ခတ်မှုကို မည်သည့်အဖွဲ့က ပြုလုပ်သည်ကို ယခုအထိ မသိရသေးကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *