MT News

Written by Naing Thuta

မန္တလေးမြို့ပေါ်တွင် ဆိုင်ကယ်မောင်းနှင်လာသည့်အသက် ၃၀ ဝန်းကျင်ခန့်ရှိသော အမည်မသိအမျိုးသားတစ်ဦး သေနတ်ဖြင့် ၄ ချက်ပစ်ခတ်ခံရပြီး နေရာတွင်ပွဲချင်းပြီးသေဆုံးမှု အောက်တိုဘာ ၂၆ ရက် ည ၇ နာရီခွဲဝန်းကျင်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ငွေတော်ကြည်ကုန်းရပ်ကွက်၊ ၁၁၉ လမ်းနှင့် ၁၂၀ လမ်းကြား၊ ၇၄ လမ်းရှိ လမ်းလယ်ကျွန်းပေါ်တွင် အသက် ၃၀ ဝန်းကျင်ခန့်ရှိသော အမည်မသိအမျိုးသားတစ်ဦး သေနတ်ဖြင့် ၄ ချက်ပစ်ခံရကာ နေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်းနှင့် ၎င်းကို အမည်မသိအမျိုးသားနှစ်ဦးမှ 125 ဆိုင်ကယ်ဖြင့် အပစ်ခံရသူ၏အနောက်ကနေ ကပ်ပါလာပြီး အနောက်မှလိုက်ပါစီးနင်းသူက ပစ်သတ်သွားကြောင်း သိရသည်။

“ည ၇ နာရီခွဲလောက်က ဖြစ်သွားတာပါ။ အသက် ၃၀ ကျော်လောက်ရှိတဲ့ အမျိုးသားတစ်ဦးက ၇၄ လမ်းအတိုင်းမောင်းလာရာကနေ အမည်မသိ အမျိုးသားနှစ်ဦးက 125 ဆိုင်ကယ်တစ်စီးနဲ့ အပစ်ခံရသူအနောက်ကနေ ကပ်ပါလာပြီး သေနတ်နဲ့ ၄ ချက်လောက်ပစ်ပြီးတော့ မောင်းပြေးသွားတာတွေ့လိုက်တယ်။ အပစ်ခံရတဲ့သူကတော့ ခေါင်းကိုဖောက်ဝင်ပြီး နေရာမှတင် ပွဲချင်းပြီးဆုံးသွားတယ်။ ပစ်သွားတဲ့သူတွေကတော့ လူငယ်အရွယ်တွေပဲ ။ ခဏအကြာမှာတော့ သက်ဆိုင်ရာက ရောက်လာပြီး အလောင်းကိုသယ်သွားကြတာပဲ” ဟု အခင်းဖြစ်ရာကို တွေ့မြင်သူတစ်ဦးက ပြောသည်။

လုပ်ကြံခံရသော အမျိုးသားသည် ညာဘက် နားထင် ဖောက်ထွက်ဒဏ်ရာ၊ ညာဘက်ကျောကုန်းမှ ညာဘက်ရင်အုံ ဖောက်ထွက်ဒဏ်ရာများ အသီးသီးရရှိပြီး အခင်းဖြစ်ရာ နေရာတွင် ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း သိရသည်။ ၎င်း၏ အမည်၊ နေရပ်လိပ်စာကို ယခုထိမသိရှိရသေးကြောင်းနှင့် မည်သည့်အဖွဲ့က လုပ်ကြံသွားသည်ကိုမသိရသေး​ဘဲ သက်ဆိုင်ရာက စုံစမ်းဆဲသာဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *