ဓာတ်ပုံ- ကင်မွန်းစခန်း သတင်းအလန်း

MT News

Written by Tha Doe

လာမည့်တန်ဆောင်တိုင်ပွဲတော်ကာလ နိုဝင်ဘာ ၃ ရက်နှင့် ၄ ရက်တွင် ကျိုက်ထီးရိုးစေတီတော်သို့ လာရောက်ဖူးမြော်သူများအား အခမဲ့တည်းခိုခွင့်၊ အခမဲ့တောင်တက် ယာဥ်စီးနင်းခွင့်၊ အခမဲ့ ကေဘယ်လ်ကားစီးနင်းခွင့်ပြုမည်ဖြစ်ကြောင်း ကျိုက်ထီးရိုးစေတီတော်ဂေါပကအဖွဲ့နှင့် ဒေသခံများထံမှ စုံစမ်းသိရသည်။

သီတင်းကျွတ်လပြည့်ရက်များအတွင်း ဘုရားပွဲတော်ကျင်းပစဥ် အများပြည်သူများ စည်ကားသိုက်မြိုက်စွာ လာရောက်ဖူးမြော်ခဲ့သော်လည်း CDM ရဲတပ်ကြပ်အဖြစ်မှ PDF ခေါင်းဆောင်ဖြစ်လာသည့် အေးမင်းထွန်းဦးဆောင်သော KNLA/PDF အဖွဲ့က အောက်တိုဘာ ၁၂ ရက်တွင် လုံခြုံရေးစခန်းအား တိုက်ခိုက်သည်ဟုဆိုကာ ဘုရားဖူးများအား ဦးတည်ပစ်ခတ်မှုပြုလုပ်သဖြင့် ဘုရားဖူးအမျိုးသမီးသုံးဦးသေဆုံးပြီး ၁၉ ဦး ဒဏ်ရာရပြီးနောက် ဘုရားဖူးများလာရောက်မှုနည်းပါးသွားသလို ကျိုက်ထီးရိုးစေတီတော်အား အမှီပြုနေသည့် ဒေသခံပြည်သူများမှာလည်း အခက်အခဲများစွာဖြစ်ခဲ့သည့်အတွက် ထိုသို့ အခမဲ့အစီအစဥ်များဖြင့် ဘုရားဖူးများအား ပြန်လည်ဆွဲဆောင်ရခြင်းဖြစ်ကြောင်းသိရသည်ဟုလည်း ကျိုက်ထိုဒေသခံ ကိုသိန်း(အမည်လွှဲ)က ပြောသည်။

“တိုက်ခိုက်မှုဖြစ်ပြီးတဲ့နောက်မှာ ဘုရားဖူးမလာသလောက်ဖြစ်သွားတော့ ဒေသခံပြည်သူတွေလည်း အဆင်မပြေဖြစ်ကုန်ကြတယ်။ လက်နက်ကိုင် ဘယ်သူ့မဆိုကိုလည်း ပြည်သူနဲ့ ဘုရားဖူးတွေရှိတဲ့နေရာ လာမတိုက်ကြဖို့နဲ့ ကိုယ့်ဘာသာလက်နက်ကိုင်ချင်း သတ္တိရှိရှိထိပ်တိုက်ပစ်ကြပါလို့ပဲ တိုက်တွန်းပါတယ်” ဟု ယင်းကဆိုသည်။

ကျိုက်ထီးရိုးစေတီတော်ဂေါပကအဖွဲ့အနေဖြင့် ပြည်သူများ စေတီတော်သို့ ဘုရားဖူးပြည်သူများ ပြန်လည်လာရောက်ရေးအတွက် ဂေါပကအဖွဲ့၊ တောင်တက်မော်တော်ယာဉ်အသင်း၊ ကေဘယ်လ်ကားပြေးဆွဲသည့် ကုမ္ပဏီ၊ ရင်ပြင်တော်စျေးကော်မတီ၊ ရင်ပြင်တော်မှာ ဖွင့်လှစ်ထားတဲ့ ဟိုတယ်နှင့် တည်းခိုဆောင်များအဖွဲ့ အားလုံးညှိနိုင်း၍ နိုဝင်ဘာ ၃ ရက်နှင့် ၄ ရက်တွင် ဘုရားဖူးပြည်သူများအား အခမဲ့တည်းခိုခွင့် ၊ အခမဲ့ယာဉ်စီးနင်းခွင့်၊ အခမဲ့ကေဘယ်လ်ကားစီးခွင့်ပြုရန် ညှိနှိုင်းခဲ့ကာ ဒေသထွက်အစားအစာများကိုလည်း စတုဒိသာကျွေးမွေးသွားမည်ဖြစ်ကြောင်း ဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“အခုလာမဲ့ နိုဝင်ဘာ ၃ ရက်နဲ့ နိုဝင်ဘာ ၄ ရက်မှာ ဆံတော်ရှင်ကျိုက်ထီးရိုးဂေါပကအဖွဲ့၊ တောင်တက်မော်တော်ယာဉ်အသင်း၊ ကေဘယ်လ်ကားပြေးဆွဲတဲ့အဖွဲ့၊ ရင်ပြင်တော် စျေးကော်မတီအဖွဲ့၊ ရင်ပြင်တော်ပေါ်မှာ ဖွင့်လှစ်ထားတဲ့ ဟိုတယ်နဲ့ တည်းခိုဆောင်အဖွဲ့များ အားလုံးညှိနှိုင်းပေါင်းစပ်ပြီး အခမဲ့ တည်းခိုခွင့်၊အခမဲ့ တောင်တက်ယာဉ်စီးနင်းခွင့်၊ အခမဲ့ ကေဘယ်လ် ကားစီးခွင့်များပြုလုပ်ပေးထားမှာဖြစ်ပြီး ကင်မွန်းစခန်း တောင်တက်ကားစခန်းနေရာမှာလည်း အရင်နှစ်တွေလို စတုဒိသာ အခမဲ့ လှူဒါန်းသွားမှာဖြစ်တယ်လို့ သိရပါတယ်”ဟု ကျိုက်ထီးရိုးဒေသ သတင်းများတင်ပေးနေသည့် “ကင်မွန်းစခန်း သတင်းအလန်း” Page တွင်လည်း ရေးသားဖော်ပြထားသည်။

ကျိုက်ထီးရိုးစေတီဘုရားဖူးများသေဆုံးစေသည့် ပစ်ခတ်မှုအား ပြုလုပ်ခဲ့သည့် KNLA နှင့် PDF အဖွဲ့တို့၏ တိုက်ခိုက်မှုအား စုံစမ်းစစ်ဆေးပြီး တာဝန်ယူတာဝန်ခံမှုဖြင့် ဖြေရှင်းပေးမည်ဟု KNU ပြောခွင့်ရ ပဒိုစောတောနီးက အောက်တိုဘာ ၁၈ ရက်တွင် သတင်းမီဒီယာအချို့သို့ ေဖြခဲ့သော်လည်း ဖြေရှင်းမှုနှင့် အရေးယူမှုအပေါ် ထပ်မံထုတ်ပြန်မှု ယနေ့အထိ လုံးဝမရှိသေးချေ။

Leave a Reply

Your email address will not be published. Required fields are marked *