၂၈. ၁၀. ၂၀၂၂

Written by Hey Mar

ရှမ်းပြည်နယ်တောင်ပိုင်းနှင့်၊ မြောက်ပိုင်းတွင်ထောပတ်သီးလှိုင်လှိုင်ပေါ်ထွက်လာသောအချိန်ရောက်ပြီဖြစ်သော်လည်း ပြည်တွင်းစျေးကွက်၌ မနှစ်ကထက် အဝယ်များကျဆင်းလာနေကြောင်း ထောပတ်သီး စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MAVO) မှ ဥက္ကဋ္ဌ ဦးမျိုးညွှန့် က MT News သို့ ပြောသည်။

ပြည်တွင်းဖြန့်ချိနိုင်သည့် မြို့ကြီးများရှိသော်လည်း လက်ရှိ ဖြတ်သန်းနေရသည့် အခြေအနေအမျိုးမျိုးကြောင့် တစ်ဦးချင်းဝင်ငွေ လျော့ကျခြင်း၊ အလုပ် အကိုင်အခွင့်အလမ်း ရှားပါးခြင်း စသည်ဖြင့် ကြုံတွေ့နေရသည်ဖြစ်ရာ မြန်မာနိုင်ငံ၏ အဓိက စားသောက်ကုန်မဟုတ်သည့် သွားရေစာစျေးကွက်ဝင် ထောပတ်သီးရောင်းချရမှုမှာလည်း ကျဆင်းနေရခြင်းဖြစ်ကြောင်း ဥက္ကဋ္ဌက ရှင်းပြသည်။

“ပြည်တွင်းစျေးကွက်ကိုကြည့်ရင် ရန်ကုန်၊မန္တလေး၊ မော်လမြိုင်လောက်ပဲ ဖြန့်ချိနိုင်တယ်။ နောက်ပြီး ဧရာ၀တီတိုင်းမှာ ဆိုရင်လည်း မြို့ကြီးတွေ အများကြီးရှိတာပဲ။ ဒါပေမယ့် မဖြန့်ချိနိုင်ဘူးပေါ့။ မြန်မာနိုင်ငံမှာ လူဦးရေ သန်း ၅၀ ကျော်ရှိတယ်။ လူ ၅ သိန်းလောက်ကပဲ ထောပတ်တစ်ရာသီမှာ တစ်ကီလိုလောက် စားတယ်ဆိုရင်တောင် ကျွန်တော်တို့စျေးကွက်က ထောပတ်သီး တန် ၅၀၀၀ လောက်ဖြုန်းနိုင်တာပေါ့​။ ဒါပေမယ့် မနှစ်ကထက်တောင် ထောပတ်သီးစားနှုန်းကျပါတယ်။ မနှစ်က တစ်ပတ်ကို နှစ်ကြိမ်လောက် အမှာစာဝင်နေသူတောင် အခု တစ်ပတ် တစ်ကြိမ်ပဲ မှာကြတဲ့အပြင် အရေအတွက်လည်း လျော့သွားတယ်။ မနှစ်က တစ်ကီလိုကို လက်ကားစျေး ၄၅၀၀၊ ၅၀၀၀ ရပေမယ့် ဒီနှစ် ၃၈၀၀ နဲ့ ပေးရတယ်။ သစ်သီးခြင်း၊ အသီးစွတ်တဲ့ဖော့ အဲဒီအရင်းအနှီးတွေ ဖယ်လိုက်ရင် အသီးရှိနေလို့ လုပ်နေရတဲ့ သဘောပဲ သက်ရောက်နေတာပေါ့” ဟု ဦးမျိုးညွန့်က ဆိုသည်။

မြန်မာနိုင်ငံတွင် ရှမ်းပြည်နယ်တောင်ပိုင်းနှင့် မြောက်ပိုင်း၌ ထောပတ်သီးစိုက်ပျိုးသည့် ဧက ၆၀၀၀ နှင့် ၇၀၀၀ ကြားတွင် ရှိသည်ဟု သိရသည်။ ၂၀၁၇ နှင့် ၂၀၁၈ ခုနှစ်တို့တွင် စတင်စိုက်ပျိုးကြသည့် ခြံများမှာလည်း ယခုနှစ်တွင် စတင်၍ အသီးစျေးကွက်ဝင်လာပြီဖြစ်ရာ တင်ပို့ရောင်းချရန်စျေးကွက်ရရှိမှု လိုအပ်လာနေသည်ဟု မြန်မာနိုင်ငံ သစ်သီးဝလံနှင့် ပန်းမန် စိုက်ပျိုးထုတ်လုပ်သူများအသင်း၏ ဥက္ကဋ္ဌ ဦးစိုးသန်းမင်းဒင်က MT News ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။ “ဥရောပ စျေးကွက်အနေနဲ့ကတော့ ၂၀၂၀ လောက်က လန်ဒန်ကိုတင်ပို့ဖို့ စီစဥ်နေတာရှိတယ်။ တရားဝင်လမ်းကြောင်းတွေကနေ တင်ပို့နိုင်မှုကတော့ မရှိသေးဘူး။ တရားမဝင်ရောင်းချနေရတဲ့ လမ်းကြောင်းကတောင် တစ်နှစ်ကို ဒေါ်လာ သန်း၂၀၀ ကျော် ဝင်ငွေရှိတယ်” ဟု ယင်းက ဆိုသည်။

မြန်မာနိုင်ငံတွင် ထောပတ်သီးအပြင် သရက်၊ ဖရဲ၊ ငှက်ပျော စသည့် သစ်သီးဝလံ စျေးကွက်ကြီးမားစွာရှိသော်လည်း အဆိုပါသီးနှံများကို ပြည်တွင်းစျေးကွက်အပြင် ပြည်ပစျေးကွက်သို့ တင်ပို့ရောင်းချနိုင်ရန် နိုင်ငံတကာစျေးကွက်မှတောင်းဆိုနေသည့် Global GAP Certificate (Global Good Agriculture Practice) လမ်းညွှန်ချက်နှင့်အတူ စိုက်ပျိုးထုတ်လုပ်​ထားကြောင်း ထောက်ခံချက်ပေးနိုင်မည့် ဓာတ်ခွဲခန်းများ လိုအပ်လျှက်ရှိသည်ဟု စိုက်ပျိုးထုတ်လုပ်သူများက ထောက်ပြသည်။

“ဓာတ်ခွဲခန်းဆိုရင် အာဆီယံအဆင့်ရှိတဲ့ Global အဆင့်သတ်မှတ်ချက်နဲ့ ညီတဲ့ ဓာတ်ခွဲခန်းတွေ ဒီမှာရှိဖို့လိုတယ်။ ပြည်ပပို့ စစ်ရမယ်ဆိုရင် ဒါ့အတွက်ကို သိန်း ၃၀၊ ၄၀ လောက်သုံးဖို့ အကုန်ခံနိုင်တဲ့ အင်အား တောင်သူမှာ မရှိဘူး။ ထောပတ်သီးမှာတော့ တောင်သူ ၄၀ ကျော်လောက်နဲ့ စုပေါင်းဖွဲ့စည်း စိုက်ပျိုးနေတဲ့ Shan Avocado ကုမ္ပဏီကတော့ GAP နည်းစနစ်တွေအတိုင်း Global Union နဲ့ ချိတ်ဆက် စိုက်ပျိုးတာမို့ သူတို့က Certificate ရထားတယ်။ အခု ပြင်သစ်ပြပွဲမှာ ဝင်ရောက်ပြသတော့လည်း နိုင်ငံတကာက မြန်မာမှာလည်း ကမ္ဘာ့အဆင့်မီထောပတ်သီး ထွက်တာ တခြားမျိုးကောင်းထောပတ်တွေ ရှိတာ သိသွားတာပေါ့” ဟု MAVO မှ ဥက္ကဋ္ဌ ဦးမျိုးညွှန့်က ပြောသည်။

စိုက်ပျိုးရေးကဏ္ဍတွင် နိုင်ငံတကာစျေးကွက် ရရှိအောင် ဆောာင်ရွက်ရာ၌  တောင်သူနှင့် အစိုးရတာဝန်ရှိသူများ ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်မှုကလည်း အရေးကြီးကြောင်း၊ လက်ရှိတွင် မြန်မာနိုင်ငံသည် နှစ်ပေါင်းအတော်ကြာအောင် စိုက်ပျိုးရေးကဏ္ဍအတွက် ဆောင်ရွက်ရာ၌ လျော့ရဲမှုများစွာဖြင့် ထိရောက်မှု အားနည်းခဲ့ကြောင်း၊ ယခုနှစ်ပိုင်းအတွင်း လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံတို့၏ သစ်သီးဝလံ ကဏ္ဍမှာ နိုင်ငံတကာ ပို့ကုန်များတွင် အရေးပါသည့် အခန်းကဏ္ဍသို့ ရောက်ရှိလာနေပြီဖြစ်ကြောင်းလည်း ဦးမျိုးညွန့်က MT News မှ တစ်ဆင့် ဝေဖန်အကြံပြုသည်။

Leave a Reply

Your email address will not be published. Required fields are marked *