ဟိန်းသန့်နှင့် ကိုရဲနိုင်ဝင်းတို့ ရွေးချယ်ခံခဲ့ရပြီးနောက် အမှတ်တရပုံအား တွေ့ရစဥ်

၂၇.၁၀.၂၀၂၂

Written By A Thaung

ဘယ်လ်ဂျီယံ ဘောလုံးနည်းစနစ်ဒါရိုက်တာတစ်ဦး ကမ်းလှမ်းလာသည့် ဥရောပဘောလုံး Free Scholarship အတွက် ထိုင်း FA မှကျင်းပသည့် လူငယ်ပြိုင်ပွဲတွင် မြန်မာလူငယ် ဟိန်းသန့် (ခ) Liam အား ရွေးချယ်လိုက်ကြောင်း သိရသည်။

ပရော်ဖက်ရှင်နယ် ဘောလုံးဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြုလုပ်သည့် အဆိုပါပရောဂျက်တွင် လာအိုနိုင်ငံမှ အသက် ၁၆ နှစ်အောက်လူငယ်တစ်ဦးနှင့် မြန်မာလူငယ် ဟိန်းသန့်တို့မှာ ဥရောပဘောလုံးအကယ်ဒမီတွင် ဘောလုံးပညာတစ်နှစ် အခမဲ့ သင်ကြားခွင့်ရမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံသို့ရောက်ရှိနေသည့် Myanmar Sport မှ ကိုရဲနိုင်ဝင်းကပြောသည်။

“သူဟာ ဒီအခွင့်အရေးကို တခြား U 16 Players တွေနဲ့ယှဉ်ပြီး ရွေးခံခဲ့ရတာဖြစ်ပြီး နောက်ဆုံးဇကာတင်မှာ ခြေစွမ်းစမ်းသပ်စစ်ဆေးမှု Trial လုပ်ခံခဲ့ရတာပဲဖြစ်ပါတယ်။ ကျွန်တော့ဆီဆက်သွယ်လာတဲ့ U 16 Players တွေရဲ့ Profiles တွေကို သေသေချာချာ Screening လုပ်ပြီးမှ ဘယ်လ်ဂျီယံ နည်းစနစ်ဒါရိုက်တာ မစ္စတာရောဘတ်က ဆန်ကာတင် Trial လုပ်မယ့် Player နှစ်ယောက်ကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။

ရွေးချယ်ခံခဲ့ရသည့် ဟိန်းသန့်သည် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မန္တလေးဘောလုံးအကယ်ဒမီတွင် သုံးနှစ်ပညာသင်ကြားခဲ့ကာ လက်ရှိတွင် ထိုင်းလိဂ်- ၃ ကလပ် SIAM FC Academy ၌ သုံးလကြာ Camp ဝင်နေပြီး စပိန်နိုင်ငံတွင်ရှိသည့် ဗီလာရီးယဲကလပ်တွင် လည်း လေ့ကျင့်ရေး Camp ဝင်ရောက်ခဲ့ဖူးသည့် မြန်မာလူငယ်ဘောလုံးသမားတစ်ဦးဖြစ်သည်။

ဟိန်းသန့်မှာ အသက် ၁၆ နှစ်သာရှိသေးပြီး အရပ် ၁ ဒဿမ ၈၃ မီတာ (၆ ပေ ၁ လက်မ) ရှိကာ ကြံ့ခိုင်မှုပြည့်ဝသော လူငယ်တစ်ဦးဖြစ်ကြောင်း သိရသည်။ ဟိန်းသန့်၏ တကိုယ်ရည်လေ့ကျင့်မှု ဗွီဒီယိုဖိုင်အား ဗီလာရီးယဲသို့ ပေးပို့ခဲ့ပြီးမှသာ ယခုကဲ့သို့ ရွေးချယ်ခံခဲ့ရဖြင်းဖြစ်ကြောင်းလည်း ကိုရဲနိုင်ဝင်းကပြောသည်။

ဟိန်းသန့်အား ထိုင်းကလပ် နော့သမ်ဘူရီလူကြီး၊ လူငယ်အသင်းနှင့် တစ်လတွဲလေ့ကျင့်စေကာ တိုးတက်မှုနှင့် ကြိုးစားမှုအပေါ်မူတည်၍ ဥရောပသို့ ပို့နိုင်မှု ရှိမရှိ ဆုံးဖြတ်သွားမည်ဖြစ်ပြီး နည်းလမ်းသုံးမျိုးဖြင့် ဘယ်လ်ဂျီယံကလပ်သို့ သွားရောက်ပူးပေါင်းနိုင်ရန် ကြိုးပမ်းမည်ဟုလည်း ကိုရဲနိုင်ဝင်းက ဆိုထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *