ပြည်တွင်းရာဘာစေးခြစ်လုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ရာဘာခြံလုပ်ငန်းရှင်များစုဝေးရာ)

၂၇. ၁၀ .၂၀၂၂

Written by Thi Ha

ရာဘာခြံလုပ်ငန်းခွင်များတွင် လုပ်သားရှားပါးသည့် ပြဿနာရင်ဆိုင်နေရခြင်းမှာလည်း အရည်အသွေးကောင်းမွန်သည့် ရာဘာမထုတ်လုပ်နိုင်ရခြင်း၏ အဓိက ပြဿနာတစ်ရပ်တွင် ပါဝင်နေသည်ဟု ရာဘာစိုက်ပျိုးထုတ်လုပ် ရောင်းချနည်း နည်းပညာပံ့ပိုး အကူအညီပေးနေသူ ဦးမင်းထွန်းသိန်းက MT News သို့ ပြောသည်။

လက်ရှိတွင် ထိုင်းနိုင်ငံဘက်မှ ခြံများတွင် ပြည်တွင်းမှ ခြံများထက် လုပ်အားခပိုမိုကောင်းမွန်သဖြင့် သွားရောက် လုပ်ကိုင်ကြခြင်းကြောင့် မွန်ပြည်နယ်ရှိ မော်လမြိုင်၊ မုဒုံတစ်ဝိုက်မှ ရာဘာခြံများတွင် နယ်ခံကျွမ်းကျင်လုပ်သား ရှာဖွေရခက်ခဲလာသည်ဟုလည်း သိရသည်။

“လုပ်သားရှားပါးတာက ကုန်စျေးနှုန်းကြီးပြီး ဝင်ငွေထွက်ငွေ မမျှတာတွေကြောင့်လည်း ပါတယ်။ ဒီမှာ စားရိတ်ငြိမ်း ၁၅၀၀၀၀ ဒါမှမဟုတ် ၁၀၀ ရာခိုင်နှုန်းမှာ ခြံရှင်က ၇၀ ၊ လုပ်သားက ၃၀ ၊ လုပ်သား၄၀ ခြံရှင် ၆၀ စသည်ဖြင့် ခွဲကြတယ်။ ဒါပေမယ့် အပင်က စစိုက်ကတည်းက နည်းပညာမမှန်၊ သွင်းအားစုမနိုင်လို့ အစေးမလိုက်တာ။ လုပ်သားကလည်း နယ်ခံကျွမ်းကျင်လုပ်သားနေရာမှာ ဒီလုပ်ငန်းနဲ့ မရင်းနှီးတဲ့ တခြားနယ်က သူတွေက လာလုပ်တဲ့အတွက် အပင်လှီးမကျွမ်းလို့ အစေးမထွက် အပင်ပျက် အဲဒါတွေနဲ့ လုံးလည်လိုက်နေတာ များပါတယ်” ဟု ဦးမင်းထွန်းသိန်းက ဆိုသည်။

ရာဘာများကို ပြည်တွင်းကုမ္ပဏီများမှ ဝယ်ယူရာတွင်လည်း ထိုင်းနိုင်ငံဘက်မှ ဝယ်ယူသည့်ပေါက်စျေးနှင့် တစ်ပေါင်လျှင် ကျပ် ၂၀၀၊ ကျပ် ၃၀၀ ခန့် ကွာဟနေသည့်အတွက်လည်း ခြံရှင်များက ပြည်တွင်းကုမ္ပဏီများမှ တစ်ဆင့်မရောင်းတော့ဘဲ တစ်နိုင်တစ်ပိုင် ကုန်သည်များအဖြစ် ခြံငယ်များစုပေါင်း၍ ထိုင်းနိုင်ငံဘက်သို့ တင်ပို့ရောင်းချရန်လည်း တိုင်ပင်လာကြသည်။

ပြည်တွင်းမှ အများဆုံးထုတ်လုပ်နေပြီး စျေးကွက်က ဝယ်ယူသည့် ရာဘာအရည်အသွေးမှာ Local RSS3 အမျိုးအစားဖြစ်ကာ အရည်အသွေး ညံ့သည့် အမျိုးအစားလည်းဖြစ်သည်။ သို့သော် စျေးကွက်ရှိနေသဖြင့် အများဆုံး ထုတ်လုပ်ကြသည်ဟု သိရသည်။

ထိုင်းနိုင်ငံ နှင့် မြန်မာနိုင်ငံဘက် တရားဝင် ရာဘာပို့ကုန်မရှိသော်လည်း တစ်ခါတရံ စျေးကွက်လိုအပ်ချက်ရှိလာပါက ထိုင်းနိုင်ငံဘက်မှ စျေးကွက်တွင် စျေးကောင်းဖွင့် ဝယ်ယူလေ့ရှိသည်။ မြန်မာ့ရာဘာကို အဓိကဝယ်ယူပြီး တင်ပို့ရောင်းချနေသည့်နိုင်ငံမှာ တရုတ်နိုင်ငံ ဖြစ်သည်။ ယနေ့ ရာဘာပေါက်စျေးများမှာ ပြည်တွင်း၌ RSS 3 တစ်ပေါင်လျှင် ၁၂၅၀ ကျပ်ဖြစ်ပြီး ထိုင်းဝယ်စျေးမှာ ၁၅၅၀ ကျပ်ဖြစ်ကြောင်း မုဒုံ ကုန်စည်ဒိုင်မှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *