၂၇. ၁၀. ၂၀၂၂

Written by Nay Moe

NUG ၏ တော်လှန်ရေးမှာ ဉာဏ်နှင့်ယှဥ်သည့် တော်လှန်ရေးဖြစ်၍ ဥာဏ်ရှိရင် ရှိသလို ရန်သူ့လေကြောင်းကို ဟန့်တားနိုင်မည့် နည်းလမ်းရှာဖွေနိုင်မည်ဟု NUG ၏ ကာကွယ်ရေးဝန်ကြီးဦးရည်မွန်က အောက်တိုဘာ ၂၇ ရက်တွင် PDF များအား Radio NUG မှတစ်ဆင့် အသံလွှင့်ပြောသည်။

KIO ၏ တပ်မဟာ (၉) ဌာနချုပ်နယ်မြေ အနန်းပါအား SAC ၏ တပ်များက လေကြောင်းတိုက်ခိုက်မှုပြုအပြီး ပြောကြားခဲ့ခြင်းဖြစ်ပြီး အဆိုပါ လေကြောင်းတိုက်ခိုက်မှုအား PDF များ သတိပြုရမည်ဖြစ်ကြောင်းလည်း ဦးရည်မွန်က ပြောသည်။

“ရဲဘော်တို့ အားလုံး သတိတမံ၊ ဥာဏ်မြေကတုတ် ဆိုသလို ကိုယ့်ရဲ့တော်လှန်ရေးသတိ၊ တော်လှန်ရေး ဥာဏ်ပညာကို အမြင့်ဆုံး တပ်လှန့်ထားဖို့ လိုအပ်မယ်။ လေကြောင်းဟာ အနှောက်အယှက် အဖျက်စွမ်းအားကြီးတာ မှန်ပေမယ့် စစ်ရေးအဆုံးအဖြတ် ပြုနိုင်တဲ့ ယန္တရားမဟုတ်ဘူးလို့ ငါတို့နားလည်တယ်။ ငါတို့တော်လှန်ရေးဟာ ဥာဏ်နဲ့ယှဥ်တဲ့ တော်လှန်ရေး ဖြစ်တယ်။ ငါတို့ ဥာဏ်ရှိရင် ရှိသလို ရန်သူ့လေကြောင်းကို ဟန့်တားနိုင်မယ့် နည်းလမ်းတွေ ငါတို့ရှာဖွေနိုင်လိမ့်မယ်။ လေကြောင်းကာကွယ်ရေးလက်နက် (MANPADS) အသုံးပြုတယ်ဆိုတာ နည်းလမ်းတစ်ခုပဲ ဖြစ်တယ်။ ဒီလက်နက်က တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ကြပ်မတ်ထားတာ ဖြစ်တဲ့အတွက် ပစ္စည်းရဖို့ အချိန်ယူကြိုးစားရသလို အလုံအလောက်ဖြန့်ကျက်တပ်ဆင်နိုင်ဖို့ ဆိုတာလည်း အကန့်အသတ်ရှိတယ်။ ဒါကြောင့် ငါတို့ ဥာဏ်သုံးပြီး ရန်သူ့လေကြောင်းဟန့်တားနိုင်မယ့်နည်းလမ်းသစ်တွေ ရှာရလိမ့်မယ်။ နည်းဗျုဟာပိုင်းဆိုင်ရာ လိုအပ်တဲ့အပြောင်းအလဲနဲ့ အသင့်အနေအထား ပြင်ဆင်မှုတွေ ဆောင်ရွက်ကြဖို့ လိုအပ်မှာ ဖြစ်တယ်” ဟု ဦးရည်မွန်ကဆိုသည်။

NUG အနေဖြင့် ငှက်ပစ်ရန်ဟုဆိုကာ Project Dragon Fly အမည်ဖြင့် လေကြောင်းရန်ကာကွယ်ရေးအလှူခံခဲ့ရာ ဒေါ်လာ ၂ ဒသမ ၂ သန်းကျော် ရရှိခဲ့ပြီး အဆိုပါ လေယာဥ်ပစ်လက်နက်များ မည်သည့်နေရာတွင် ဝယ်ယူတပ်ဆင်သည်ကို မည်သူမျှသိရှိမှုမရှိချေ။ လက်ရှိနွေဦးတော်လှန်ရေးတွင်လည်း ပြည်သူများ၏အလှူငွေ၊ ငွေတိုက်စာချုပ်ရောင်းချရငွေနှင့် မြန်မာနိုင်ငံမှမြေကွက်ရောင်းရငွေ ဒေါ်လာသန်း ၃၀၀ ဝန်းကျင် ရရှိထားနိုင်သော်လည်း အဆိုပါရန်ပုံငွေများစီးဆင်းမှုမှာလည်း ရှင်းလင်းမှုမရှိသည့်အပြင် လက်ရှိတွင် NUG ၏ ဒုဝန်ကြီးများသည်ပင် တစ်လကျပ်သိန်း ၆၀ ရရှိခံစားနေသည်ဟု CDM ကထိက ဦးသန်းလွင်ဦးက ဝေဖန်ရေးသားခဲ့သည်။

“ဒီမိုး၊ ဒီလေ၊ ဒီတော်လှန်ရေးကို ဘယ်လို အဆုံးသတ်ကြမှာလဲ။ လေယာဉ်ပစ်လက်နက်တွေရှိနေပြီလို့ NUG ဒုဝန်ကြီးကိုယ်တိုင် Press Conference မှာ ပြောတယ်။ ပြောလိုက်တဲ့နေ့က စပြီး လေယာဉ်ကြောင့် အသက်ပေးဆပ်ခဲ့ရတာ အယောက် ၃၀၀ လောက်ရှိနေပြီ။ Flying Dragon ဆိုလား နာမည်တွေတပ်ပြီး အလှူတွေခံခဲ့တဲ့ USD သန်းချီငွေတွေ ဘယ်ရောက်နေလဲ။ ဒီနေ့အထိ NUG, CRPH နဲ့ NUCC တို့ရဲ့ နိုင်ငံရေးဦးဆောင်မှုကို ယုံကြည်ဖို့ အာမခံချက် ဘယ်လိုပေးကြမလဲဆိုတာ စဉ်းစားတိုင်း ရင်မောမိတယ်” ဟု ဦးသန်းလွင်ဦးက ဝေဖန်သည်။

ဦးသန်းလွင်ဦး၏ ဝေဖန်မှုအပေါ်  NUG ၏ အဓိက တာဝန်ရှိသူများက ရှင်းလင်းနိုင်မှု ယခုအချိန်အထိ မရှိသေးဘဲ ပြင်ပမှလူများကသာ ကြားဝင်ရှင်းလင်းနေပြီး တာဝန်ရှိသူများမှာ ငြိမ်သက်နေဆဲဖြစ်သည်။

ထို့ပြင်လည်း NUG အစိုးရတာဝန်ယူထားသူများနှင့် ပတ်သက်၍ ဦးသန်းလွင်ဦးက “ဒီလိုလူတွေ ဦးဆောင်ထားတဲ့ အစိုးရအဖွဲ့ကို နိုင်ငံတကာနဲ့ ကမ္ဘာက ဘာကြောင့် အစိုးရအဖွဲ့အဖြစ် တူတူတန်တန် အသိအမှတ်ပြုဖို့ ဘာကြောင့် ‌ဝန်လေးနေသလဲဆိုတာ အမှန်တိုင်းမြင်အောင်ကြည့်။ ကိုယ့်တာမလုံတာကို သူများကို အပြစ်ဖို့လက်ညှိုးထိုးနေတာကိုလည်း ဆင်ခြင်သင့်တယ်” ဟု ဆက်လက်ဝေဖန်ခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *