၂၇. ၁၀. ၂၀၂၂

Written by Thettant

Central Medical Services ကုမ္ပဏီလက်အောက်ရှိ အကယ်ဒမီဆေးရုံအား တရားရုံးအမိန့်အရ လေလံတင်ရောင်းချမည်ဟု ယနေ့ထုတ်နိုင်ငံပိုင်သတင်းစာများတွင် ကြေညာထားသည်။

ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံး၏ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၃ရက်စွဲပါ ခွင့်ပြုမိန့်အရ စင်ထရယ်(လ်) မယ်ဒီကယ်(လ်)ဆားဗစ်စစ် ကုမ္ပဏီလီမိတက်(တရားရုံး အမိန့်ဖြင့် ဖျက်သိမ်းဆဲ) ကို လေလံတင်ရောင်းချရန်အတွက် လျှောက်လွှာခေါ်ယူရာတွင် ကုမ္ပဏီလက်အောက်ရှိ အကယ်ဒမီအထူးကုဆေးခန်း စင်ထရယ်(လ်)မယ်ဒီကယ်(လ်)ဆားဗစ်စစ်ကုမ္ပဏီလီမိတက်၏ ဆေးရုံလုပ်ငန်းလိုင်စင်နှင့် ကုမ္ပဏီ၏ပိုင်ဆိုင်ပစ္စည်းများအား မျက်မြင်မြေပြင်ရှိ အနေအထားအတိုင်း လေလံစနစ်ဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း ကြေညာထားသည်။

လေလံတင်ရောင်းချမည့် မြေ၊ အဆောက်အအုံနှင့်ဆက်စပ်ပစ္စည်းများမှာ၊ ကုမ္ပဏီပိုင်မြေနှင့်အဆောက်အအုံ၊ ဆေးရုံနှင့်ပတ်သက်သည့် ဆက်စပ်ပစ္စည်းများ၊ ဆေးရုံလုပ်ငန်းလိုင်စင်၊ စည်ပင်လိုင်စင်တို့ ပါဝင်မည်ဖြစ်ကြောင်း ဗဟိုနှင့် တိုင်းတရားရုံးတော်၏ ခွင့်ပြုချက်အရ ခန့်အပ်ထားသော စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိများဖြစ်သော ဒေါ်ဇာနည်ညိုနှင့် ဒေါ်နုဝါတို့က ကြေညာထားသည်။

လေလံလျှောက်လွှာများကို နိုဝင်ဘာ ၈ ရက် နိုဝင်ဘာ ၃၀ အထိ ရောင်းချပေးမည်ဖြစ်ပြီး လျှောက်လွှာများကို ဗိုလ်တထောင်မြို့နယ်ရှိ ပူးတွဲစာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိများရုံးခန်းတွင် ဝယ်ယူရမည်ဖြစ်သည်။

လေလံဖွင့်မည့်ရက်၊ အချိန်နှင့် လေလံတင်ရောင်းချပွဲကျင်းပမည့်နေရာကို လေလံလျှောက်လွှာပိတ်သိမ်းပြီးသည့်ရက်မှ တစ်ပတ်အတွင်းကြေညာမည်ဖြစ်ပြီး လေလံလျှောက်လွှာနှင့် စည်းကမ်းချက်များကို စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိရုံးခန်းတွင် ရုံးချိန်အတွင်း လာရောက်အခမဲ့ထုတ်ယူနိုင်မည်ဖြစ်သည်။

လေလံလျှောက်လွှာလာထုတ်သူသည် နိုင်ငံသားမှတ်ပုံတင်မူရင်းနှင့် နိုင်ငံသား မှတ်ပုံတင်မိတ္တူ (သို့မဟုတ်)နိုင်ငံခြားသားလာပါက Passport မူရင်းနှင့် Passport မိတ္တူကို ယူဆောင်လာရမည်ဖြစ်ကာ လျှောက်လွှာလာတင်သည့်ရက်တွင် အာမခံစပေါ်ငွေ ကျပ်သိန်းငါးရာတိတိကို ငွေသား/ဘဏ်စာရင်းဖြင့် ယူဆောင်လာရမည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *