MT News
၁၀. ၇. ၂၀၂၃

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ အစီရင်ခံစာသည် လိုရာဆွဲရေးထားပြီး NUG နှင့် PDF က ကလေးငယ် ၉၇ ဦးသတ်ဖြတ်မှု ဖော်ပြထားခြင်းမရှိဟု လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေး သောကျူးလွန်မှုများမှ ကာကွယ် တားဆီးရေးကော်မတီက တုံ့ပြန်ချက်ထုတ်ပြန်ထားသည်။

၂ဝ၂၂ ခုနှစ်အတွက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ကလေးသူငယ်များနှင့် လက်နက်ကိုင် ပဋိပက္ခဆိုင်ရာအစီရင်ခံစာကို ၂၇-၆-၂၀၂၃ ရက်တွင် စာရွက်စာတမ်းအမှတ်၊ A/T7/895-S/2023/ 363 ဖြင့် ထုတ်ပြန်ခဲ့ကြောင်းနှင့် ယင်းအစီရင်ခံစာဆိုင်ရာ ကုလသမဂ္ဂလုံခြုံရေးကောင်စီ တံခါးဖွင့် အစည်းအဝေးကို ၅-၇-၂ဝ၂၃ ရက်၌ ကျင်းပခဲ့ကြောင်း တွေ့ရှိရသည်။ အစည်းအဝေးတွင် အထူး ကိုယ်စားလှယ်နှင့် နိုင်ငံအချို့က မြန်မာနိုင်ငံနှင့်ပတ်သက်၍ တာဝန်မဲ့ရည်ညွှန်းပြောကြားမှုများ ရှိခဲ့သည်ကို တွေ့ရှိရသည်။

လိုရာဆွဲရေးသားထားသော ယင်းအစီရင်ခံစာသည် မြန်မာနိုင်ငံကို အထူးပြုထည့်သွင်း ဖော်ပြချက်များပါဝင်ပြီး တစ်ဖက်သတ်တစ်ဆင့်စကားများနှင့် အခြေအမြစ်မရှိသည့် စွပ်စွဲချက်များ အပေါ် အခြေခံထားသည်ကို စိတ်ပျက်ဖွယ်တွေ့ ရှိရသည်။ အစီရင်ခံစာရေးသားသူသည် ဖြစ်စဉ်ဖြစ်ရပ်များကို စိစစ်နိုင်မည့် နေ့ရက်၊ အချိန်နှင့်နေရာကဲ့သို့ အချက်အလက်များမပါဝင်ဘဲ ကျူးလွန်ကြောင်း စွပ်စွဲမှုအရေအတွက်များကိုသာ ထည့်သွင်းထားသည့်အတွက် မြန်မာတပ်မတော်ကို အစီရင်ခံစာ၏နောက်ဆက်တွဲတွင် စာရင်းသွင်းဖော်ပြခြင်းမှာ နိုင်ငံရေးသွတ်သွင်းမှုတစ်ရပ်သာ ဖြစ်ကြောင်း ရှင်းလင်းစွာ ပြသလျက်ရှိသည်။

မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂဘက်မှ တိုင်ကြားမှုများကို လက်ခံပြီး တုံ့ပြန်မှုများပြုလုပ်ရန် မည်သည့်အခါမျှ တွန့်ဆုတ်ခြင်းမရှိခဲ့ပါ။ ယခုအစီရင်ခံသည့်ကာလအတွင်း ကလေးသူငယ်များ သေဆုံးမှုနှင့် ဖမ်းဆီးခံရခြင်းများနှင့်ပတ်သက်၍ အချက်အလက်တောင်းခံမှု ၅ ကြိမ်သာ ရရှိခဲ့သည်။ အစီရင်ခံစာတွင် သေဆုံးကြောင်းနှင့် ဖမ်းဆီးခံရကြောင်း စွပ်စွဲချက် အရေအတွက်များကို ကုလသမဂ္ဂဘက်မှ မြန်မာအစိုးရဘက်သို့ စိစစ်ထားသည့် အရေအတွက်ထက် ၁၂ ဆမှ အဆ ၃ဝ အထိ ဖောင်းပွဖော်ပြထားသည်ကို စိတ်ပျက်ဖွယ်တွေ့ရှိရသည်။ ကုလသမဂ္ဂ၏ လွတ်လပ်သော ကျွမ်းကျင်သူများသည် စွပ်စွဲချက်များနှင့်စပ်လျဉ်း၍ ဖြစ်နိုင်သမျှအတိုင်းအတာအထိ စိစစ်အတည် ပြုရန်လိုအပ်သော်လည်း အစီရင်ခံစာတွင် ပါဝင်သော ကျန်အချက်အလက်များကို သက်ဆိုင်သည့် နိုင်ငံနှင့် စိစစ်ထားခြင်းလုံးဝမရှိကြောင်း တွေ့ရှိရသည်။

မြန်မာနိုင်ငံသည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသောကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးကော်မတီကို ဖွဲ့စည်းထားပြီး လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် သေကျေထိခိုက်ဒဏ်ရာရ စေမှုနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ကျူးလွန်မှုများမှ ကာကွယ်တားဆီးထိန်းသိမ်းရေး ဒုတိယအကြိမ် အမျိုးသားအဆင့်လုပ်ငန်းစီမံချက် (၂၀၂၂-၂၀၂၃) ကို အကောင်အထည်ဖော်လျက်ရှိသည်။ တိုင်ကြားမှုများကို မှတ်တမ်းပြုစုလုပ်ဆောင်နိုင်ရန်အတွက် အရေးပေါ်ဖုန်းအမှတ် (Help line number 1566) ဖြင့် တိုင်ကြားမှုယန္တရားကို တည်ထောင်ထားပြီးဖြစ်သည်။

တစ်ဖက်တွင် အစီရင်ခံစာသည် အကြမ်းဖက်အဖွဲ့များဖြစ်သည့် NUG နှင့် PDF တို့ကြောင့် ကလေးသူငယ် ၉၇ ဦးအသက်ဆုံးရှုံးခဲ့ပြီး ၂၇၅ ဦး ပြင်းထန်စွာထိခိုက်ဒဏ်ရာရစေခဲ့သည့် ရက်စက် ကြမ်းကြုတ်သောရာဇဝတ်မှုများကို ဖုံးကွယ်ရန်ကြိုးပမ်းခဲ့သည်။ ထို့အပြင် PDF အဖွဲ့ များက နိုင်ငံတစ်ဝန်း ဆေးရုံနှင့်ဆေးခန်း ၉ ခု၊ စာသင်ကျောင်းနှင့် ပညာရေးအဆောက်အဦ ၁၄ဝ ခုကို တိုက်ခိုက်ခဲ့သည်။ သို့ရာတွင် အစီရင်ခံစာ၌ ၎င်းတို့၏ လူမဆန်သောကျူးလွန်မှုများကို အမှုန်အမွှား မျှသာ ဖော်ပြခဲ့ပြီး အကြမ်းဖက်အဖွဲ့များ၏ ရက်စက်သောကျူးလွန်မှုများကို “အမည်မဖော်နိုင်သော ကျူးလွန်သူများ” အဖြစ် မရေရာသောအသုံးအနှုန်းများဖြင့် ဖုံးကွယ်ရန်ကြိုးစားခဲ့သည်။

အရွယ်မရောက်သေးသူများအား စုဆောင်းခြင်းမှ ကာကွယ်တားဆီးရေးနှင့်ပတ်သက်၍ ကာကွယ်ရေးဝန်ကြီးဌာန၏ ဦးစီးဆောင်ရွက်မှုဖြင့် အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ တားဆီးကာကွယ်ထိန်းသိမ်းရေးကော်မတီကို ၂ဝ၁၁ ခုနှစ်မှစ၍ ဖွဲ့စည်းခဲ့ပြီး ကုလသမဂ္ဂစောင့်ကြည့်လေ့လာ အစီရင်ခံတင်ပြရေးလုပ်ငန်းအဖွဲ့ (UNCTFMR) နှင့် စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်ခဲ့သည်။ သို့ရာတွင် CTFMR ၏ အရင်းအမြစ်များမည်သို့ရရှိကြောင်း ပွင့်လင်း မြင်သာမှု မရှိသည့်အတွက် မြန်မာနိုင်ငံအနေဖြင့် CTFMR ၏ အမှီအခိုကင်းမှုနှင့် ဘက်မလိုက်မှ တို့အပေါ် စိုးရိမ်မှုရှိသည်။ ၂၀၁၃ ခုနှစ်မှစ၍ CTFMR မှ ပေးပို့ခဲ့သည့် အသက်မပြည့်သူဟု သံသယ ရှိသူ ၂၃၆၄ ဦးရှိပြီး အချက်အလက်ပြည့်စုံမှုမရှိခြင်းကြောင့် ၁၁၉၇ ဦးကို သံသယစာရင်းမှပယ်ဖျက် ခဲ့ပြီးဖြစ်သည်။ အရွယ်မရောက်သေးသူ ၁၀၅၇ ဦးကို တပ်မတော်မှ နုတ်ထွက်စေခဲ့ပြီးဖြစ်ကာ တာဝန်ရှိသည့် တပ်မတော်သား ၄၇၅ ဦးကို အရေးယူအပြစ်ပေးမှုများ ဆောင်ရွက်ခဲ့သည်။ အသက် မပြည့်သေးသူများအား စုဆောင်းမှုဖြစ်ပေါ်ရသည့်ဖြစ်စဉ်အများစုမှာ တစ်ဦးတစ်ယောက်၏အသက် နှင့်ပတ်သက်၍ စိစစ်ရန် အရပ်ဘက်စာရွက်စာတမ်းများ ပြည့်စုံမှုမရှိခဲ့ခြင်းကြောင့်ဖြစ်ပြီး ဖြစ်စဉ် အများစုမှာ ၂၀၀၀ ပြည့်နှစ်များမှ ကိစ္စရပ်များဖြစ်သည်။ အမှန်စင်စစ်အားဖြင့် ယခုအစီရင်ခံသည့် ကာလအတွင်း CTFMR သည် အသက်မပြည့်သူဟု သံသယရှိသူ ၇ ဦးနှင့်ပတ်သက်၍သာ အကြောင်းကြားခဲ့သော်လည်း နှစ်စဉ်အစီရင်ခံစာ၏ နောက်ဆက်တွဲစာရင်းတွင် မြန်မာနိုင်ငံကို ဆက်လက်ထည့်သွင်းထားနိုင်ရန်အတွက် ယခုအစီရင်ခံစာတွင် ၁၁၂ ဦးဟူ၍ ဖြစ်ရပ်ဟောင်းများနှင့် ရောထွေးဖော်ပြခဲ့သည်။

မြန်မာတပ်မတော်ကို အစီရင်ခံစာ၏ နောက်ဆက်တွဲစာရင်းတွင် ထပ်မံထည့်သွင်းခဲ့ခြင်းနှင့် အပြုသဘောမဆောင်သည့်အဆင့်များ ဆောင်ရွက်ရန် အရိပ်အမြွက်ဖော်ပြလာခြင်းသည် နိုင်ငံ အတွင်းရှိ ကလေးသူငယ်များအကျိုးအတွက် မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂအကြား ပူးပေါင်း ဆောင်ရွက်မှုများအပေါ် အထောက်အကူပြုမည်မဟုတ်ပါ။ အစီရင်ခံစာတွင်ပါဝင်သည့် လိုရာဆွဲ ဖော်ပြထားသည့် ကိန်းဂဏန်းများနှင့် အခြေအမြစ်မရှိသည့် စွပ်စွဲချက်များကို မြန်မာနိုင်ငံက ကန့်ကွက်ပယ်ချပြီး ကုလသမဂ္ဂအနေဖြင့် ယင်းကိစ္စနှင့်စပ်လျဉ်း၍ ပိုမိုကောင်းမွန်စွာလေ့လာသုံးသပ်ပြီး အပြုသဘောဆောင်သော ချဉ်းကပ်မှုဖြင့် ဆောင်ရွက်ရန် တောင်းဆိုသည်ဟုလည်း တုံ့ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *