MT News
၆. ၅. ၂၀၂၆
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး၊ ပြည်ထောင်စု အစိုးရအဖွဲ့အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားရာတွင် “နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှု အားပေးစို့” ဟု ဆောင်ပုဒ်ချမှတ်ထားကြောင်း ထည့်သွင်းပြောကြားသည်။
အစည်းအဝေးသို့ ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ ပြည်ထောင်စုဝန်ကြီးများနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့ တက်ရောက်ကြပြီး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့် တက်ရောက်ကြသည်။
◾ နိုင်ငံ့စီးပွားရေးနှင့်ပတ်သက်ပြီး ယခုထက်ပိုမိုကြိုးပမ်းလုပ်ဆောင်သွားကြရန် လိုအပ်
အစည်းအဝေးအတွင်း နိုင်ငံတော်သမ္မတက အမှာစကားပြောကြားရာတွင် နိုင်ငံတော်၏ စီးပွားရေးပိုင်းဆိုင်ရာများနှင့်ပတ်သက်ပြီး “နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှု အားပေးစို့” ဟု ဆောင်ပုဒ်ချမှတ်ထားသည်နှင့်အညီ ပြည်တွင်းကုန်ထုတ်လုပ်မှုများကို အားပေးဆောင်ရွက်၍ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ နိုင်ငံ့စီးပွားတိုးတက်ရေးအတွက် ကုန်ထုတ်လုပ်မှုသည် မဖြစ်မနေဆောင်ရွက်ရမည့်လုပ်ငန်းတစ်ရပ်ဖြစ်ကြောင်း၊ ကုန်သွယ်မှုတွင် အဓိကကျသည့် ပို့ကုန်၊ သွင်းကုန်များကို လေ့လာဆန်းစစ်ချက်များအရ မိမိတို့နိုင်ငံမှ အထည်ချုပ်လုပ်ငန်းထုတ်ကုန်များ၊ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များအား ပြည်ပသို့တင်ပို့လျက်ရှိပြီး ပြည်ပမှ လောင်စာဆီများ၊ စားသုံးဆီများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများနှင့် အခြားကုန်ပစ္စည်းများကို တင်သွင်းနေရပြီး ကုန်သွယ်မှုလိုငွေရှိနေဆဲဖြစ်ကြောင်း၊ သို့ဖြစ်၍ နိုင်ငံ့စီးပွားရေးနှင့်ပတ်သက်ပြီး မိမိတို့အနေဖြင့် ယခုထက်ပိုမို၍ ကြိုးပမ်းလုပ်ဆောင်သွားကြရန်လိုအပ်သည်ဟု အဖြေထွက်မည်ဖြစ်ကြောင်း။
မိမိတို့အစိုးရအဖွဲ့သည် လွတ်လပ်၍တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူလူထုမှ ၎င်းတို့၏စိတ်သဘောဆန္ဒများအလျောက် ဆန္ဒမဲပေးရွေးချယ်ပြီး ထွက်ပေါ်လာခဲ့သည့် ပြည်သူ့ကိုယ်စားလှယ်များမှ ရွေးကောက်တင်မြှောက်ထားသည့် ရွေးကောက်ခံအစိုးရအဖွဲ့ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ၌ ပြည်သူများအနေဖြင့် ဆန္ဒမဲပေးရာတွင် တက်ကြွစွာဖြင့် စည်းကမ်းတကျလာရောက်၍ မဲရုံများ၌ ဆန္ဒမဲများပေးခဲ့ကြသည်ကို တွေ့ရှိခဲ့ရကြောင်း၊ မဲပေးသူအများစုမှာ အသက် ၁၈ နှစ်နှင့် ၅၀ အကြားဖြစ်ကြကြောင်း၊ ၎င်းတို့၏ သဘောဆန္ဒအလျောက် မဲပေးခြင်းဖြစ်ကြောင်း၊ မဲပေးရာတွင် စနစ်တကျဖြင့် တန်းစီ၍မဲပေးခဲ့ကြခြင်းကို တွေ့ခဲ့ရခြင်းသည် ပြည်သူများအနေဖြင့် ရွေးကောက်ပွဲကို ထောက်ခံအားပေးမှုကို ပြသခြင်း၊ နိုင်ငံတော်အစိုးရ၏ နိုင်ငံရေးအရဆောင်ရွက်ချက်များကို ထောက်ခံမှုပြသခြင်းပင်ဖြစ်ကြောင်း။
ကျင်းပပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲသည် မဲမသမာမှုနှင့် မဲစာရင်းမှားယွင်းမှုမရှိဘဲ လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲ၊ သိက္ခာရှိသည့် ရွေးကောက်ပွဲဖြစ်ပြီး အောင်မြင်သည့် ရွေးကောက်ပွဲတစ်ရပ်အဖြစ် ကျင်းပနိုင်ခဲ့ခြင်းပင်ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံးအနေဖြင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၂၄ ဒသမ ၂၃ သန်းရှိသည့်အနက် ဆန္ဒမဲပေးသူ ၁၃ ဒဿမ ၁၃ သန်းကျော်ရှိခဲ့သဖြင့် ဆန္ဒမဲပေးမှုရာခိုင်နှုန်းမှာ ၅၄ ဒဿမ ၂၂ ရာခိုင်နှုန်းရှိခဲ့ကြောင်း၊ လူငယ်ပိုင်းနှင့် လူလတ်ပိုင်းများ အများစုဖြစ်ကြကြောင်း၊ ရွေးကောက်ပွဲတွင် ပါတီပေါင်း ၅၇ ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်မှာ ၆ ပါတီရှိခဲ့ကြောင်း၊ ၃၁ ပါတီမှ လွှတ်တော်ကိုယ်စားလှယ်များနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ် ၁ ဦး ရွေးကောက်ခံခဲ့ရကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ခဲ့ခြင်းသည် ဒီမိုကရေစီစနစ်နှင့်အညီ အားလုံးပါဝင်သည့် ရွေးကောက်ပွဲကို ကျင်းပနိုင်ခဲ့ခြင်းပင်ဖြစ်ကြောင်း။
နိုင်ငံတော်တွင် ကြုံတွေ့ဖြတ်သန်းခဲ့ရသည့် သမိုင်းကြောင်းဆိုင်ရာများ၊ ခေတ်စနစ်အတွေ့အကြုံများအပေါ်တွင် သင်ခန်းစာယူ၍ မိမိတို့အစိုးရအနေဖြင့် ကောင်းမွန်သည့် ဦးဆောင်မှုများဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို ဦးလည်မသုန်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ပြည်သူများက ရွေးချယ်ထားသည့်အစိုးရဖြစ်သဖြင့် မိမိတို့အနေဖြင့် နိုင်ငံ့စီးပွားတိုးတက်စေရေး ဆောင်ရွက်ပေးရန်လိုကြောင်း၊ အချို့သောနိုင်ငံများအနေဖြင့် ပြည်သူများကရွေးချယ်ထားသည့် ဒီမိုကရေစီနည်းလမ်းနှင့်အညီ တာဝန်ထမ်းဆောင်နေသည့်မိမိတို့အစိုးရအပေါ်၌ ကန့်သတ်မှုများ၊ စီးပွားရေး ပိတ်ဆို့မှုများကို ဖိအားပေး လုပ်ဆောင်နေကြဆဲဖြစ်ကြောင်း၊ ဒီမိုကရေစီနည်းလမ်းတကျ မိမိဆန္ဒဖြင့် လာရောက်မဲပေးကြသူများကို ဒီမိုကရေစီနိုင်ငံများမှ တန်ဖိုးထားရန်လိုပါကြောင်း၊ မည်ကဲ့သို့ပင်ဖြစ်စေ မိမိတို့အနေဖြင့် ပါတီစုံဒီမိုကရေစီစနစ်ကို ခိုင်ခိုင်မာမာဖြစ်စေရေး ဆက်လက်ဆောင်ရွက်ပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို ဆက်လက်အကောင်အထည်ဖော်တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်နှင့် လျော်ညီသည့် ပြောင်းလဲမှုများကိုလည်း ဖော်ဆောင်သွားမည်ဖြစ်ကြောင်း။
ဒီမိုကရေစီစနစ်ကို လျှောက်လှမ်းရာတွင် ခေတ်စနစ်နှင့်လျော်ညီသည့် ဖွံ့ဖြိုးတိုးတက်မှုကို ရရှိအောင်ဆောင်ရွက်ကြရမည်ဖြစ်သကဲ့သို့ မိမိတို့၏ အမျိုးသားရေးစရိုက်လက္ခဏာများကိုလည်း မပျောက်ပျက်အောင် ထိန်းသိမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ အမျိုး၊ ဘာသာသာသနာ၊ ထုံးတမ်းစဉ်လာများ၊ ယဉ်ကျေးမှုအမွေအနှစ်များနှင့်ပတ်သက်၍ မိမိတို့အနေဖြင့် စဉ်ဆက်မပြတ် ထိန်းသိမ်းစောင့်ရှောက်သွားရန် တာဝန်ရှိကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့်လည်း အားနည်းချက်ရှိသည်များကိုပြင်ဆင်၍ ထိန်းသိမ်းစောင့်ရှောက်သွားရန် လိုအပ်သည်များကို ထိန်းသိမ်းသွားကြရန်လိုကြောင်း ပြောကြားသည်။
◾ သွင်းကုန်အစားထိုးထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးနှင့် ပို့ကုန်ကဏ္ဍမြှင့်တင်နိုင်ရေး
သွင်းကုန်ကဏ္ဍတွင် စားသုံးဆီနှင့်ပတ်သက်၍ မိမိတို့အနေဖြင့် ပမာဏများစွာ တင်သွင်းနေရဆဲဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် ဆီထွက်သီးနှံများ စိုက်ပျိုးသည့်နိုင်ငံ တစ်ခုဖြစ်သဖြင့် စားသုံးဆီများကို ပြည်ပမှတင်သွင်းနေရခြင်းမှာ မဖြစ်သင့်ကြောင်း၊ နှမ်း၊ နေကြာ၊ ပဲပုပ်စသည့် ဆီထွက်သီးနှံနှင့်ပတ်သက်၍ စိုက်ပျိုးသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအားလုံးက စနစ်တကျဖြင့် ဆောင်ရွက်ကြစေလိုကြောင်း၊ ပို့ကုန်ကဏ္ဍတွင် ဆန်တင်ပို့မှုနှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင်ရှိသည့် လူဦးရေ၊ စားသုံးနိုင်မည့်ပမာဏနှင့် ဆန်ထွက်ရှိမှုတို့ကို တွက်ချက်၍ ပိုလျှံသည့် ဆန်တင်ပို့မှုပမာဏများကို တွက်ချက်ရနိုင်ကြောင်း၊ ပိုလျှံသည့် ဆန်ရရှိမှုနှင့် ဈေးကွက်ရရှိမှုအပေါ်မူတည်၍ ပို့ကုန်များ ပိုမိုထုတ်လုပ်တင်ပို့နိုင်မည်ဖြစ်ကြောင်း၊ “ ဈေးနှုန်းချင်းတူပါက ပစ္စည်းပိုကောင်းရမည်၊ ပစ္စည်းချင်းတူပါက ဈေးနှုန်းသက်သာရမည်” ဖြစ်ပြီး ထိုသို့ဆောင်ရွက်သွားမည်ဆိုပါက ဈေးကွက်ပိုမိုရရှိလာနိုင်မည်ဖြစ်ကြောင်း။
မိမိတို့နိုင်ငံမှ ထွက်ရှိသည့် ပေါ်ဆန်းမွှေးဆန်သည် နိုင်ငံတကာဈေးကွက်တွင် နာမည်ရပြီးဖြစ်ပြီး ဈေးကွက်လိုအပ်ချက်ရှိသည့်ပို့ကုန်တစ်ခုဖြစ်သည့်အတွက် မြန်မာ့ပေါ်ဆန်း တစ်ခေတ် ဆန်းရမည်ဖြစ်ကြောင်း၊ အလားတူ မြန်မာနိုင်ငံမှ ထွက်ရှိသည့် ကော်ဖီသီးနှံသည်လည်း ဝယ်လိုအားရှိပြီးဖြစ်ကြောင်း၊ ထို့ကြောင့် ဈေးကွက်လိုအပ်ချက်ရှိပြီး ဝယ်လိုအားရှိသည့် မြန်မာ့ပေါ်ဆန်းနှင့် မြန်မာ့ကော်ဖီတို့ကို အရည်အသွေးပိုမိုတိုးတက်ကောင်းမွန်ရေးနှင့် ဈေးကွက်လိုအပ်ချက်အတိုင်း ပြည့်မီအောင်တင်ပို့နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
ထို့ပြင် မီးဖိုချောင်သုံး သီးနှံများဖြစ်သည့် ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ အာလူးစသည့် ရာသီသီးနှံများသည် နေ့စဉ်မပါမဖြစ် အသုံးပြုနေရသဖြင့် တိုးတက်စိုက်ပျိုးထုတ်လုပ်နိုင်ရေး စဉ်ဆက်မပြတ်သုတေသနပြု ဆောင်ရွက်သွားရန်လိုကြောင်း၊ ပို့ကုန်များ တိုးမြှင့်နိုင်ရေးအတွက် မိမိတို့အနေဖြင့် ထုတ်ကုန်တိုးမြင့်လာစေရေး၊ အရည်အသွေးကောင်းမွန်စေရေး၊ ဈေးကွက်ရရှိရေး တို့နှင့်ပတ်သက်၍ စဉ်ဆက်မပြတ် သုတေသနပြုဆောင်ရွက်သွားကြရန်လိုကြောင်း။
အသားငါးများ ကုန်ဈေးနှုန်းကြီးမြင့်ခြင်းနှင့်ပတ်သက်၍လည်း ဒေသတွင်းစား သုံးမှုဖူလုံမှုမှတစ်ဆင့် နိုင်ငံတစ်ဝှမ်းလုံးဖူလုံရေးကို ဖော်ဆောင်ပေးနိုင်မည်ဆိုပါက အသား၊ ငါးများ၏ ကုန်ဈေးနှုန်းများသည်လည်း ကျဆင်းလာနိုင်မည်ဖြစ်ကြောင်း၊ ဒေသတွင်းမှထွက်ရှိသည့် စိုက်ပျိုးရေး ထွက်ကုန်များ ဖြစ်သည့် ပြောင်း၊ ဆန်ကွဲ၊ ဖွဲတို့ကို အခြေခံသည့် တိရစ္ဆာန်အစာများကို ပိုမိုတိုးမြှင့်ထုတ်လုပ်၍ မွေးမြူရေးလုပ်ငန်းများကို စနစ်တကျဆောင်ရွက်သွားမည်ဆိုပါက ဒေသတွင်းစားသုံးမှုကို ဖူလုံစေမည်ဖြစ်ပြီး ကုန်ဈေးနှုန်းကြီးမြင့်ခြင်းများကိုလည်း လျှော့ချနိုင်စေမည်ဖြစ်ကြောင်း မှာကြားသည်။
◾ ပြည်တွင်း၊ ပြည်ပ ခရီးသွားလုပ်ငန်းနှင့် MSME လုပ်ငန်းများကို အထူးအလေးထား အားပေးမြှင့်တင်၍ စီးပွားရေးတိုးတက်အောင်ဆောင်ရွက်
စီးပွားရေးနှင့် ပတ်သက်၍ ပြည်တွင်း၊ ပြည်ပခရီးသွားလုပ်ငန်းများ တိုးတက်လာစေရေး သက်ဆိုင်ရာဝန်ကြီးဌာနများအချင်းချင်း ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရန်လိုသကဲ့သို့ ဒေသအလိုက် တာဝန်ရှိသူများ၊ ဒေသခံပြည်သူများမှလည်း ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ဒေသတွင်း သာယာလှပမှုနှင့် နှစ်လိုဖွယ်ရှိသည့် ဝန်ဆောင်မှုများကို ဖော်ဆောင်ပေးနိုင်မည်ဆိုပါက ခရီးသွားဝင်ရောက်မှုများလည်း တိုးတက်လာစေမည်ဖြစ်ကာ ဒေသ၏လူမှုစီးပွားဘဝများသည်လည်း တိုးတက်လာနိုင်မည်ဖြစ်ကြောင်း၊ ခရီးသွားဝန်ဆောင်မှုနှင့်ပတ်သက်၍ မိမိတို့အနေဖြင့် သွားလာနေထိုင်စားသောက်မှုတို့တွင် အခြားသောဖွံ့ဖြိုးတိုးတက်နေသည့်ဒေသများ၊ နိုင်ငံများကို အတုယူ၍ သွားချင်စဖွယ်၊ လာချင်စဖွယ်၊ နေချင်စဖွယ်ဖြစ်အောင် ဆောင်ရွက်ပြီး ယခုထက်ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံနှင့်ဒေသသို့ လာရောက်ကြသည့်ခရီးသွားများအားလုံး၏ မှတ်ချက်ကောင်းကို ရရှိနိုင်ရေး နိုင်ငံသားတစ်ဦးချင်း၊ ဒေသခံတစ်ဦးချင်းစီမှစ၍ ကိုယ်စီအသိစိတ်ဖြင့် ဆောင်ရွက်ကြရန်လိုကြောင်း၊ “အိမ်သာလျှင် ဧည့်လာမည်” ဟူသည့် စကားနှင့်အညီ သာယာလှပပြီး စည်းကမ်းစနစ်တကျရှိသည့် ပတ်ဝန်းကျင်ကောင်းကို ပုံဖော်ဖန်တီးနိုင်ရေး တာဝန်ရှိသူများအားလုံးက ကြပ်မတ်ဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ လိုက်နာဆောင်ရွက်ရမည့် ဝန်ထမ်းများ၊ ကိုယ်စီအသိစိတ်ဖြင့် ထိန်းသိမ်းဆောင်ရွက်ရမည့် ပြည်သူများအားလုံးအနေဖြင့် ဝိုင်းဝန်းဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း။
နိုင်ငံ့စီးပွားရေးအားကောင်းလာစေရေးအတွက် MSME လုပ်ငန်းများကို မဖြစ်မနေအားပေးမြှင့်တင်ကြရန်လိုပြီး အချို့ဖွံ့ဖြိုးပြီးနိုင်ငံများ၌ပင် SME လုပ်ငန်းများကို အားထားနေရဆဲဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌လည်း MSME လုပ်ငန်းများကို အထူးအလေးထားအားပေးသွားရန်နှင့် ဒေသမှထွက်ရှိသည့် ကုန်ကြမ်းများကို အခြေခံသည့် ကုန်ထုတ်လုပ်မှုများကို အဓိကထား၍ ဆောင်ရွက်သွားရန်လိုကြောင်း၊ MSME လုပ်ငန်းများဆောင်ရွက်ရာတွင် ကုန်ကြမ်း၊ အရင်းအနှီး၊ သွင်းအားစု၊ လူသားအရင်းအမြစ်များ လိုအပ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ကုန်ကြမ်းများကို ပြည်ပမှ ဝယ်ယူ၍ ဆောင်ရွက်ခြင်းထက် ဒေသတွင်းမှထွက်ရှိသည့်ကုန်ကြမ်းများကို အသုံးပြု၍ ကုန်ထုတ်လုပ်ငန်းများကို ဆောင်ရွက်နိုင်မည်ဆိုပါက အကျိုးဖြစ်ထွန်းစေနိုင်ကြောင်း၊ MSMEလုပ်ငန်းများ တိုးတက်စေရေးအတွက် လိုအပ်သည့် ရင်းနှီးမတည်ငွေများကို နိုင်ငံတော်မှ ထုတ်ချေးပေးလျက်ရှိပြီး လိုအပ်သည့်ဖြေလျော့မှုများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လိုအပ်သည့် လူသားအရင်းအမြစ်များ ရရှိစေရေး ကြိုးပမ်းဆောင်ရွက်သွားရန်လိုကြောင်း၊ စီးပွားရေးမြှင့်တင်မှုလုပ်ငန်းတွင် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် MSME လုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အဂတိတရားကင်းစွာဖြင့် နိုင်ငံတော်မှ ပေးအပ်ထားသည့်တာဝန်များကို ကျေပွန်အောင်ထမ်းဆောင်ကာ နိုင်ငံတော်နှင့် ပြည်သူတို့၏အကျိုး ကိုဖော်ဆောင်ပေးရမည်ဖြစ်ကြောင်း၊ ယခင်ဒီမိုကရေစီဒုတိယအစိုးရသက်တမ်းကာလတွင် နိုင်ငံတော်နှင့်ပြည်ထောင်စုအဆင့် တာဝန်ရှိသူများ၏ မဆင်မခြင်ဆောင်ရွက်မှုများကြောင့် နိုင်ငံတော်မှနစ်နာဆုံးရှုံးခဲ့ရသည့် ငွေကြေးပမာဏအနေဖြင့် အမေရိကန် ဒေါ်လာ ၁၃ ဒသမ ၃၄၄ သန်းနှင့် ငွေကျပ် ၂၂၆ ဒသမ ၁၀၇ ဘီလျံ ဆုံးရှုံးခဲ့ရကြောင်း၊ ထိုကဲ့သို့ မဖြစ်စေရေးအတွက် မိမိတို့အနေဖြင့်လည်း လုပ်ငန်းဆောင်ရွက်မှုများအားလုံးကို လုပ်ထုံးလုပ်နည်းများနှင့်အညီ စဉ်းစားဆင်ခြင်ဆောင်ရွက်သွားကြရန်လိုကြောင်း၊ အဂတိလိုက်စားမှုများကြောင့် နိုင်ငံတော်အနေဖြင့် များစွာဆုံးရှုံးနစ်နာရနိုင်သည်ဖြစ်သဖြင့် အဂတိမှုများနှင့်ပတ်သက်၍ အရေးယူရသည်များ မဖြစ်ရန်လိုကြောင်း၊ အဂတိလိုက်စားမှုများမရှိစေရေး ပြည်ထောင်စုအဆင့်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်အလိုက် ကြပ်မတ်ထိန်းသိမ်းကြရန်လိုကြောင်းဖြင့် မှာကြားခဲ့သည်။
