


MT News
၆. ၅. ၂၀၂၆
ဒီဇယ်၊ LNG နှင့် ဓာတ်မြေဩဇာများတင်သွင်းမှုအပေါ် ဧပြီလအတွက် အခွန်ကင်းလွတ်ခွင့်ပြုထားမှု ယခုမေလအတွက်ပါ ထပ်မံခွင့်ပြုလိုက်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်သည်။
အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခများကြောင့် ကမ္ဘာ့စက်သုံးဆီဈေးနှုန်း မြင့်တက်နေ၍ စက်သုံးဆီ (ဒီဇယ်ဆီ) အသုံးပြုမောင်းနှင်ရသည့် မော်တော်ယာဉ်များဖြင့် သယ်ဆောင် အသုံးပြုလျက်ရှိသည့် အခြေခံစားသောက်ကုန်၊ ကုန်စည်ဈေးနှုန်းများကို ထိန်းညှိပေးရန် လိုအပ်လျက်ရှိသည့်အတွက် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနအနေဖြင့် ဒီဇယ်ဆီ HSD (500 ppm) တင်သွင်းမှုအပေါ် ကောက်ခံသော အကောက်ခွန်၊ အထူးကုန်စည်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နှင့် ကြိုတင်ကောက်ခံသည့် ဝင်ငွေခွန် (၂%) တို့ကို ၁-၄-၂၀၂၆ ရက်နေ့မှ ၃၀-၄-၂၀၂၆ ရက်နေ့အထိကင်းလွတ်ခွင့် ပြုသွားမည်ဖြစ်ကြောင်း ၂-၄-၂ဝ၂၆ ရက်နေ့တွင် နိုင်ငံပိုင်သတင်းစာများမှ တစ်ဆင့် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သော်လည်း ယင်းအခွန်ကင်းလွတ်ခွင့်ကာလကို ၁-၅-၂ဝ၂၆ ရက်နေ့မှ ၃၁-၅-၂၀၂၆ ရက်နေ့အထိ ထပ်မံ၍တိုးမြှင့်ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း အသိပေးကြေညာသည်။ ထို အခွန်ကင်းလွတ်ခွင့်သည် ၃၁-၅-၂၀၂၆ ရက်နေ့အထိ အကောက်ခွန်ဦးစီးဌာန၌ Import Declaration (ID) ဖွင့်လှစ်၍ တင်သွင်းသည့် ဒီဇယ်ဆီ HSD (500 ppm) အပေါ် အကျုံးဝင်စေမည် ဖြစ်သည်။
အလားတူ အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခများကြောင့်ပင် ကမ္ဘာ့စက်သုံးဆီဈေးနှုန်း မြင့်တက်နေချိန်တွင် LNG သဘာဝဓာတ်ငွေ့ရည် (Liquefied Natural Gas) ဈေးနှုန်းများလည်း မြင့်တက်လျက်ရှိရာ သဘာဝ ဓာတ်ငွေ့အသုံးပြုသည့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ၏ လျော့ကျစေရေးနှင့် အများပြည်သူအနေဖြင့် ဓာတ်အားခ ဈေးနှုန်းသက်သာစေရေးတို့အတွက် ထိန်းညှိနိုင်ရန် ဆောင်ရွက်လျက်ရှိ၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုကို အားပေးမြှင့်တင်နိုင်ရန်နှင့် ဓာတ်အားခ ဈေးနှုန်းများ သက်သာစေနိုင်ရန်တို့အတွက် LNG တင်သွင်းမှုအပေါ် ကောက်ခံသော အကောက်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နှင့် ကြိုတင်ဝင်ငွေခွန်တို့ကို ၁-၅-၂၀၂၆ ရက်နေ့မှ ၃၁-၅-၂၀၂၆ ရက်နေ့အထိ ကင်းလွတ်ခွင့်ပြုသွားမည် ဖြစ်သည်။ အဆိုပါ အခွန်ကင်းလွတ်ခွင့်သည် ဖော်ပြပါကာလအတွင်း အကောက်ခွန်ဦးစီးဌာန၌ Import Declaration (ID) ဖွင့်လှစ်၍ တင်သွင်းသည့် သဘာဝဓာတ်ငွေ့ရည် (Liquefied Natural Gas) အတွက်သာ အကျုံးဝင်မည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်က ဆိုသည်။
အထက်ပါကင်းလွတ်ခွင့်တို့အပြင် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကအခြေခံအုတ်မြစ်ဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်နိုင်စေရန်နှင့် တောင်သူလယ်သမားများ၏ ကုန်ထုတ်လုပ်မှုစရိတ်များ လျော့ကျနိုင်စေရန်တို့အတွက် ဓာတ်မြေဩဇာများ တင်သွင်းမှုအပေါ် ကောက်ခံသည့် ကြိုတင်ဝင်ငွေခွန် ၂ % ကို ၁-၄-၂၀၂၆ ရက်နေ့မှ ၃၀-၄-၂၀၂၆ ရက်နေ့အထိကင်းလွတ်ခွင့်ပြုမည်ဖြစ်ကြောင်း ၂-၄-၂၀၂၆ ရက်နေ့တွင် နိုင်ငံပိုင်သတင်းစာများမှတစ်ဆင့် ထုတ်ပြန်ကြေညာခဲ့ပြီး ယင်းအခွန်ကင်းလွတ်ခွင့်ကို ၁-၅-၂ဝ၂၆ ရက်နေ့မှ ၃၁-၅-၂၀၂၆ ရက်နေ့အထိ ထပ်မံ၍ တိုးမြှင့်ခွင့်ပြုသွားမည်ဖြစ်ကြောင်း အသိပေးကြေညာသည်။ ထို အခွန်ကင်းလွတ်ခွင့်သည် ၃၁-၅-၂၀၂၆ ရက်နေ့အထိ အကောက်ခွန်ဦးစီးဌာန၌ Import Declaration (ID) ဖွင့်လှစ်၍ တင်သွင်းသည့် ဓာတ်မြေဩဇာများအပေါ်အကျုံးဝင်စေမည် ဖြစ်သည်ဟုလည်း ကြေညာချက်တွင် ဖော်ပြထားသည်။
