
သက်တံ့
၆. ၅. ၂၀၂၆
အင်ဒိုနီးရှားနိုင်ငံ၊ ဆူမားတြားကျွန်း (Sumatra island) တွင် ခရီးသည်တင်ဘတ်စ်ကားတစ်စီးနှင့် ဆီသယ်ယာဉ်တစ်စီးတို့ ယနေ့ နေ့လယ်ပိုင်းအချိန်က တိုက်မိမှုဖြစ်ပွားခဲ့ရာမှ လူ ၁၆ ဦး မီးလောင် သေဆုံးသွားပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအရာရှိတစ်ဦးက AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။
မြောက်ပိုင်း မူစီရာဝပ်စ် (North Musi Rawas) ခရိုင်တွင် ဖြစ်ပွားခဲ့သော အဆိုပါယာဉ်တိုက်မှုအတွင်း “ဘတ်စ်ကားပေါ်မှ ခရီးသည် ၁၄ ဦးနှင့် ဆီသယ်ယာဉ်ပေါ်မှ လူ ၂ ဦး သေဆုံးခဲ့သည်” ဟု အရာရှိဖြစ်သူ Hasbi Hasidqi က ဖုန်းဖြင့် ဖြေကြားခဲ့သည်။ ဒေသတွင်း ရုပ်သံသတင်းများတွင်လည်း ယာဉ်နှစ်စီးလုံး မီးဟုန်းဟုန်းတောက်နေသည့် ပုံရိပ်များကို ထုတ်လွှင့်ပြသခဲ့သည်။
အခြား အရေးပေါ်ကယ်ဆယ်ရေးအရာရှိတစ်ဦး၏ ပြောကြားချက်အရ လူ ၄ ဦးကို ဆေးရုံသို့ ပို့ဆောင်ထားပြီး ၎င်းတို့အနက် ၃ ဦးမှာ ပြင်းထန်သော မီးလောင်ဒဏ်ရာများ ရရှိထားကြောင်း သိရသည်။
ဘတ်စ်ကား၏ ဘီးတစ်လုံး ပေါက်ထွက်ရာမှ အစပြု၍ ယခုကဲ့သို့ ဖြစ်ပွားရခြင်းဖြစ်သည်ဟု ကနဦး သတင်းအချက်အလက်များအရ သိရကြောင်း Hasbi က ဆိုသည်။
ယာဉ်မောင်းမှာ “ကားကို မထိန်းနိုင်ဘဲ ဝင်တိုက်မိခဲ့ခြင်းဖြစ်ပြီး” ယာဉ်နှစ်စီးလုံးကို ဝါးမြိုသွားသည့် “ကြီးမားသော မီးလောင်မှုကြီး” ဖြစ်ပွားခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ အဆိုပါ ဆီသယ်ယာဉ်မှာ ဒီဇယ်ဆီများ တင်ဆောင်လာခြင်း ဖြစ်သည်။
ကျွန်းစုနိုင်ငံဖြစ်သော အင်ဒိုနီးရှားတွင် ဘတ်စ်ကားများ၊ ရထားများနှင့် လေယာဉ်များသည် ဟောင်းနွမ်းနေပြီး ထိန်းသိမ်းမှု အားနည်းလေ့ရှိသောကြောင့် သယ်ယူပို့ဆောင်ရေးဆိုင်ရာ မတော်တဆမှုများမှာ ခဏခဏ ဖြစ်ပွားလေ့ရှိသည်။
ပြီးခဲ့သည့်လ တနင်္လာနေ့ကလည်း ဂျားဗားကျွန်းအနောက်ပိုင်း (West Java)၊ Bekasi Timur ဘူတာအနီးတွင် ရပ်တန့်ထားသော အမျိုးသမီးသီးသန့် ရထားတွဲတစ်ခုကို အဝေးပြေးရထားတစ်စီးက ဝင်တိုက်မိခဲ့ရာ အမျိုးသမီး ၁၆ ဦး သေဆုံးပြီး အနည်းဆုံး လူ ၉၀ ခန့် ဒဏ်ရာရရှိခဲ့သည်။
ထို့အပြင် ရက်အနည်းငယ်အကြာတွင်လည်း ဂျားဗားကျွန်းအလယ်ပိုင်း (Central Java) ၌ ရထားတစ်စီးက ကားတစ်စီးကို တိုက်မိရာ ကလေးငယ် ၂ ဦး အပါအဝင် လူ ၄ ဦး သေဆုံးခဲ့သေးသည်။
Ref : AFP Via NDTV
