သက်တံ့
၆. ၅. ၂၀၂၆
ထိုင်းနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဘုတ်အဖွဲ့ (BOI) သည် စုစုပေါင်း တန်ဖိုး ဘတ် ၉၅၈ ဘီလျံ (အမေရိကန်ဒေါ်လာ ၂၉ ဘီလျံ) ရှိသည့် အဓိက စီမံကိန်းကြီး ၆ ခုကို ဗုဒ္ဓဟူးနေ့ (မေလ ၆ ရက်) တွင် အတည်ပြုလိုက်သည်။
အတည်ပြုမြှုပ်နှံမှုများတွင် TikTok ၏ ထိုင်းနိုင်ငံအခြေစိုက် ကုမ္ပဏီခွဲက လုပ်ဆောင်မည့် ဘတ် ၈၄၂ ဘီလျံ (ဒေါ်လာ ၂၅ ဘီလျံခန့်) တန်ဖိုးရှိ အကြီးစား ဒေတာအခြေခံအဆောက်အအုံ တိုးချဲ့မှုစီမံကိန်းလည်း ပါဝင်ကြောင်း BOI ၏ ထုတ်ပြန်ချက်အရ သိရသည်။
“ဒီစီမံကိန်းဟာ ဘန်ကောက်၊ စမွတ်ပရာကန်နဲ့ ချာချိုအန်ဆောင် ပြည်နယ်တွေမှာ ဆာဗာတွေ ထပ်မံတပ်ဆင်တာ၊ ဒေတာသိမ်းဆည်းမှုနဲ့ လုပ်ဆောင်မှု အခြေခံအဆောက်အအုံတွေကို တိုးချဲ့သွားမှာဖြစ်ပါတယ်။ ဒါဟာ တိုးတက်လာတဲ့ ဒစ်ဂျစ်တယ်ဝန်ဆောင်မှု လိုအပ်ချက်တွေကို အထောက်အပံ့ဖြစ်စေမှာဖြစ်သလို ဒေသတွင်း ဒစ်ဂျစ်တယ်အခြေခံအဆောက်အအုံပိုင်းမှာ ထိုင်းနိုင်ငံရဲ့ အခန်းကဏ္ဍကိုလည်း ပိုမိုခိုင်မာစေမှာပါ” ဟု BOI က ဆိုသည်။
တရုတ်အခြေစိုက် ByteDance ကုမ္ပဏီပိုင် TikTok သည် ပြီးခဲ့သည့်နှစ်အတွင်းက ၅ နှစ်တာကာလအတွင်း ဒေတာစင်တာများအတွက် ဒေါ်လာ ၈ ဒသမ ၈ ဘီလျံ ရင်းနှီးမြှုပ်နှံမည်ဟု ပြောကြားခဲ့ဖူးသည်။ ယခုရင်းနှီးမြှုပ်နှံမှုမှာ ထိုစဉ်က ပြောကြားခဲ့သည်ထက် သိသိသာသာ ပိုမိုများပြားလာခြင်း ဖြစ်သည်။
အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုအပြင် TikTok အနေဖြင့် ထိုင်းလုပ်ငန်းရှင်များအတွက် စီးပွားရေးအခွင့်အလမ်းသစ်များ ဖန်တီးပေးရန်နှင့် နိုင်ငံ၏ ဒစ်ဂျစ်တယ်လုပ်သားအင်အားစုကို မြှင့်တင်ပေးရန်အတွက် ဒစ်ဂျစ်တယ်တတ်မြောက်မှုနှင့် E-commerce သင်ရိုးညွှန်းတမ်းများကို ဖော်ဆောင်ပေးရန်လည်း ကတိပြုထားကြောင်း သိရသည်။
ကမ္ဘာတစ်ဝန်းတွင် အသုံးပြုသူ ၂ ဘီလျံကျော်ရှိသည့် TikTok သည် အရှေ့တောင်အာရှတွင် အသုံးပြုသူ ၃၆၈ သန်းနှင့် စီးပွားရေးလုပ်ငန်းသုံး အသုံးပြုသူ ၁၅ သန်းကျော် ရှိသည်။ TikTok သည် ၂၀၂၁ ခုနှစ်တွင် ထိုင်းနိုင်ငံ၌ TikTok Technologies Co အမည်ဖြင့် ဒေသတွင်း လုပ်ငန်းလည်ပတ်ရေးရုံးကို စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် အပတ်က ထုတ်ပြန်ခဲ့သည့် BOI ၏ အစီရင်ခံစာအရ ၂၀၂၆ ခုနှစ် ပထမသုံးလပတ်အတွင်း ရင်းနှီးမြှုပ်နှံမှု လျှောက်ထားလွှာများမှာ ဘတ် ၁ ထရီလျံကျော်အထိ ရှိခဲ့ပြီး ပြီးခဲ့သည့်နှစ် အလားတူကာလထက် ၂ ဒသမ ၄ ဆ တိုးတက်လာခဲ့သည်။ ၎င်းသည် ဉာဏ်ရည်တု (AI) နည်းပညာ တိုးတက်လာမှုနှင့်အတူ ဒစ်ဂျစ်တယ်နှင့် အီလက်ထရွန်နစ်ကဏ္ဍရှိ မဟာစီမံကိန်းကြီးများကြောင့် ဖြစ်ကြောင်း သိရသည်။
(မှတ်ချက်။ Khaosod အပါအဝင် ထိုင်းသတင်းဌာနတချို့တွင် ဒေါ်လာ ၂၆ ဘီလျံဟု ဖော်ပြထားသည်)
Ref: Reuters via Bangkok Post
