သတိုး
၆. ၅. ၂၀၂၆
စစ်မီးတောက်လောင်နေဆဲဖြစ်သော မြန်မာနိုင်ငံ၏ အစိုးရသစ်နှင့် ထိတွေ့ဆက်ဆံမှု ပိုမိုအားကောင်းလာစေရန် အာဆီယံအုပ်စုအတွင်း သဘောတူညီမှုတည်ဆောက်သည့်အနေဖြင့် မြန်မာနိုင်ငံခြားရေးဝန်ကြီးကို ဒေသတွင်းထိပ်တန်းသံတမန်များနှင့် တွေ့ဆုံနိုင်ရေး ဖိတ်ကြားရန် အစီအစဉ်ရှိကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက အင်္ဂါနေ့ (မေ ၅ ရက်) တွင် ပြောကြားလိုက်သည်။
၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲနောက်ပိုင်း ပဋိပက္ခများကြောင့် အာဆီယံအဖွဲ့သည် မြန်မာခေါင်းဆောင်များကို အာဆီယံအဆင့်မြင့်အစည်းအဝေးများ တက်ရောက်ခွင့် ပိတ်ပင်ထားခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း ၂၀၂၅ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းနှင့် ယခုနှစ် ဇန်နဝါလဆန်းပိုင်းအတွင်း ကျင်းပခဲ့သော ရွေးကောက်ပွဲများ၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အနိုင်ရရှိပြီးနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ပြည်ထောင်စုလွှတ်တော်က ရွေးချယ်တင်မြှောက်မှုအရ ပြီးခဲ့သည့်လတွင် နိုင်ငံတော်သမ္မတအဖြစ် တာဝန်ယူခဲ့သည်။
လွန်ခဲ့သည့် သီတင်းနှစ်ပတ်က သမ္မတသစ်ဦးမင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သော ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ စီဟာဆက် ဖူအာကက်ကောင်း (Sihasak Phuangketkeow) က အာဆီယံကို နိုင်ငံခြားရေးဝန်ကြီးအဆင့် အပါအဝင် မြန်မာခေါင်းဆောင်ပိုင်းနှင့် ထိတွေ့ဆက်ဆံမှုများ ပြန်လည်စတင်ရန် တွန်းအားပေးနေခြင်း ဖြစ်သည်။
“ဒါဟာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးရဲ့ အလွတ်သဘောဆွေးနွေးပွဲတစ်ခု ဖြစ်လာမှာပါ။ အဲဒီအခါမှာ သူ (မြန်မာနိုင်ငံခြားရေးဝန်ကြီး) က နောက်ဆုံးအခြေအနေတွေနဲ့ သူတို့ ဘာတွေဆက်လုပ်ဖို့ ပြင်ဆင်ထားသလဲဆိုတာကို ကျွန်တော်တို့ကို ရှင်းပြနိုင်ပါလိမ့်မယ်။ အဲဒီကမှတစ်ဆင့် ကျွန်တော်တို့ ဆက်လုပ်သွားလို့ရမှာပါ။ ဒါဟာ တစ်ဆင့်ချင်းသွားရမယ့် လုပ်ငန်းစဉ်ပါ” ဟု ၎င်းက Reuters နှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။
ယခုသီတင်းပတ်အတွင်း ဖိလစ်ပိုင်နိုင်ငံ၌ ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးတွင် အရှေ့တောင်အာရှ နိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံကာ ၎င်း၏ အစီအစဉ်ကို ဆွေးနွေးသွားမည် ဖြစ်ကြောင်း စီဟာဆက်က ဆိုသည်။
“ကျွန်တော်တို့ အာဆီယံနဲ့အတူ စုပေါင်းပြီး ရှေ့ဆက်ချင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ရှေ့ကိုတော့ ရွေ့ရပါမယ်။ တစ်ခုခုတော့ လုပ်သင့်ပါတယ်။ ဒါဟာ ထိုင်းနိုင်ငံက တစ်ဦးတည်းသဘောနဲ့ လုပ်ချင်တာမျိုး မဟုတ်ဘူးလို့ ယုံကြည်ပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောကြားသည်။
မြန်မာနိုင်ငံတွင် နေရာအနှံ့ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် လူပေါင်း ၃ ဒသမ ၆ သန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပြီး အရပ်သား ၆,၈၀၀ ကျော် သေဆုံးခဲ့ကာ အာရှ၏ အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းတစ်ခု ဖြစ်ပေါ်နေသည်။
ထိုင်းနိုင်ငံ၏ ကြိုးပမ်းမှုများရှိနေသော်လည်း မြန်မာအစိုးရသစ်သည် တပ်မတော်ကို ဆန့်ကျင်သော လက်နက်ကိုင်အဖွဲ့အစည်းများနှင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကာ သမ္မတဟောင်းဦးဝင်းမြင့်ကို လွှတ်ပေးခြင်းနှင့် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့ပေးခြင်းကဲ့သို့သော အကန့်အသတ်ရှိသည့် လျှော့ပေးမှုအချို့ကိုသာ လုပ်ဆောင်ထားသည်။
နေပြည်တော်သို့ သွားရောက်စဉ်အတွင်း ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် တောင်းဆိုခဲ့ခြင်း မရှိကြောင်းလည်း စီဟာဆက်က ပြောသည်။
“ကျွန်တော့်ရဲ့ အဓိကစိုးရိမ်မှုက သူမ ကျန်းမာရေးကောင်းမွန်ဖို့နဲ့ ပိုမိုကောင်းမွန်တဲ့ အခြေအနေမှာ နေထိုင်ခွင့်ရဖို့ပဲ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
Ref : Reuters Via Asia One
ပုံစာ။ နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်အား ထိုင်းနိုင်ငံဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးက ဧပြီ ၂၂ ရက်တွင် လာရောက်ဂါရ၀ပြု တွေ့ဆုံစဉ်။
