သက်တံ့
၆. ၅. ၂၀၂၆
တမီးလ်ရုပ်ရှင်လောက၏ ထိပ်တန်းမင်းသားကြီး ဗီဂျေး (Vijay (ဝီဂျေး)) တည်ထောင်ထားသည့် Tamilaga Vettri Kazhagam (TVK) ပါတီသည် ၂၀၂၆ တမီးလ်နာဒူးပြည်နယ် ရွေးကောက်ပွဲတွင် ပါတီကြီးများကို ကျော်ဖြတ်ကာ အမတ်နေရာ ၁၀၈ နေရာအထိ ရရှိပြီး အကြီးဆုံးပါတီအဖြစ် ထွက်ပေါ်လာခဲ့သည်။
အိန္ဒိယနိုင်ငံ၏ တမီးလ်နာဒူပြည်နယ်အပါအဝင် ပြည်နယ်လေးခုနှင့် ပြည်ထောင်စုနယ်မြေတစ်ခုအတွက် ရွေးကောက်ပွဲများကို မေလ ၄ ရက်က ကျင်းပခဲ့ပြီး ထိုရွေးကောက်ပွဲများတွင် ဗီဂျေးက နှစ်ပေါင်း ၆၀ ကျော်ကြီးစိုးထားသော ပါတီကြီးများကို ကျော်ဖြတ် အနိုင်ယူနိုင်ခဲ့ခြင်းလည်းဖြစ်သည်။

သို့သော် အမတ်နေရာ ၂၃၄ နေရာရှိသည့် တမီးလ်နာဒူးလွှတ်တော်တွင် အစိုးရဖွဲ့ရန် ၁၁၈ နေရာ လိုအပ်နေခြင်းဖြစ်ရာ ပြည့်မီရန် ၁၀ နေရာ လိုအပ်နေသေးသဖြင့် ဗီဂျေးသည် ဝန်ကြီးချုပ်ဖြစ်လာရေးအတွက် မဟာမိတ်များ စုဆောင်းကာ အပြင်းအထန် ကြိုးပမ်းလျက်ရှိသည်။
◾️ မဟာမိတ်များ၏ ထောက်ခံမှုကို စတင်ရယူခြင်း
အမတ်နေရာ အပြတ်အသတ် မရရှိသေးသော်လည်း ဗီဂျေးသည် အစိုးရဖွဲ့နိုင်ရန်အတွက် အခြားပါတီငယ်များနှင့် စတင်ထိတွေ့ဆက်ဆံနေပြီဖြစ်သည်။ ရွေးကောက်ပွဲတွင် အမတ်နေရာ ငါးနေရာ ရခဲ့သော ကွန်ဂရက်ပါတီက TVK အား ထောက်ခံရန် ကမ်းလှမ်းထားသလို ဗီဂျေးကိုယ်တိုင်ကလည်း အိန္ဒိယကွန်မြူနစ်ပါတီ (CPI) ထံသို့ အစိုးရဖွဲ့ရန်အတွက် ထောက်ခံမှုပေးရန် မေလ ၅ ရက် ညပိုင်းတွင် ကိုယ်တိုင်လက်မှတ်ရေးထိုးထားသော စာတစ်စောင်ပေးပို့ကာ အကူအညီတောင်းခံခဲ့သည်။
CPI အနေဖြင့် အဆိုပါ တောင်းဆိုချက်အပေါ် ဆုံးဖြတ်ရန် မေလ ၈ ရက်တွင် အမှုဆောင်ကော်မတီ အစည်းအဝေး ခေါ်ယူထားသည်ဟုလည်း သိရသည်။
“ကျွန်တော်တို့ပါတီရဲ့ အမှုဆောင်ကော်မတီအစည်းအဝေးကို မေလ ၈ ရက်နေ့မှာ ခေါ်ယူထားပါတယ်။ အဲဒီမှာ ဆွေးနွေးမှာဖြစ်သလို လိုအပ်ရင်တော့ TVK ရဲ့ တောင်းဆိုချက်အပေါ် ဆုံးဖြတ်ချက်ချဖို့ နောက်တစ်နေ့မှာ ပြည်နယ်ကော်မတီ အရေးပေါ်အစည်းအဝေးကို ဆက်လက်ခေါ်ယူသွားမှာပါ” ဟု CPI ပြည်နယ်အတွင်းရေးမှူး M. Veerapandian က The Hindu သတင်းဌာနသို့ ပြောကြားခဲ့သည်။
◾️ ဗီဂျေး ဝန်ကြီးချုပ် ဖြစ်လာနိုင်မည့် နည်းလမ်းများ
လက်ရှိတွင် ဗီဂျေးသည် ပြည်နယ်အုပ်ချုပ်ရေးမှူးနှင့် တွေ့ဆုံကာ အစိုးရဖွဲ့ရန် အခွင့်အရေးကို တောင်းခံမည်ဖြစ်သည်။ အကယ်၍ ပါတီငယ်များ၏ ထောက်ခံမှုဖြင့် အမတ် ၁၁၈ ဦး ပြည့်မီကြောင်း သက်သေပြနိုင်ပါက ဝန်ကြီးချုပ်အဖြစ် တိုက်ရိုက်ခန့်အပ်ခံရမည် ဖြစ်သည်။

အကယ်၍သာ လိုအပ်သည့် အမတ်နေရာ ပြည့်မီအောင် မကြိုးပမ်းနိုင်ပါက ဗီဂျေးအနေဖြင့် လွှတ်တော်အတွင်း မဲခွဲဆုံးဖြတ်မှု၌ အနိုင်ရအောင် ကြိုးပမ်းရမည်ဖြစ်သည်။ ထိုသို့ပြုလုပ်ရာတွင် ပြိုင်ဘက်အမတ်များ လွှတ်တော်မတက်ရောက်နိုင်အောင် စည်းရုံးခြင်း သို့မဟုတ် မိမိအမတ်များကို ပြိုင်ဘက်ပါတီက ငွေပေးဝယ်ယူခြင်း (Horse-trading) မပြုလုပ်နိုင်စေရန် “အပန်းဖြေစခန်းနိုင်ငံရေး” (Resort Politics) ဟု ခေါ်သည့် အမတ်များကို အပန်းဖြေစခန်းများတွင် သီးသန့်ခေါ်ယူထိန်းသိမ်းထားသည့် နည်းလမ်းများကို အသုံးပြုကာ အနိုင်ယူရဖွယ် ရှိနေသည်။
◾️ ပြည်သူကို ကျေးဇူးတင်စကားဆိုခြင်းနှင့် အပြောင်းအလဲ
ဗီဂျေးသည် ၎င်း၏ အောင်ပွဲအတွက် တမီးလ်နာဒူးပြည်သူများကို ကျေးဇူးတင်ရှိကြောင်း X (Twitter) မှတစ်ဆင့် ပြောကြားခဲ့သည်။
“တစ်ချိန်က မဖြစ်နိုင်ဘူးလို့ ထင်မှတ်ခဲ့ရတဲ့ အပြောင်းအလဲအတွက် နိုင်ငံရေးအောင်ပွဲကို ပြည်သူတွေက ဖန်တီးပေးခဲ့တာပါ” ဟု ဆိုသည်။ အထူးသဖြင့် ၎င်းကို ချစ်ခင်ကြသည့် ကလေးသူငယ်များက ၎င်းတို့၏ မိသားစုများကို လမ်းပြကာ မဲပေးစေခဲ့ခြင်းက အဓိကကျကြောင်း ဗီဂျေးက ဖော်ပြခဲ့သည်။
ထို့အပြင် ယခုအောင်ပွဲသည် “ငွေပေးဝယ်သည့် နိုင်ငံရေးယဉ်ကျေးမှု” ကို မြေမြှုပ်သင်္ဂြိုဟ်လိုက်ခြင်းဖြစ်ကြောင်းလည်း ဗီဂျေးက ဆိုသည်။
ဗီဂျေးသာ ဝန်ကြီးချုပ် ဖြစ်လာခဲ့ပါက ၎င်းသည် အိန္ဒိယနိုင်ငံရေးသမိုင်းတွင် ပါတီတည်ထောင်ပြီး အချိန်တိုအတွင်း ဝန်ကြီးချုပ်ဖြစ်လာသည့် ဒုတိယမြောက် မင်းသား (ယခင် NT Rama Rao ပြီးနောက်) အဖြစ် သမိုင်းတွင်မည် ဖြစ်သည်။
Ref: Hindustan Times & The Hindu
