၆.၅.၂၀၂၆
Translated by Htwe Ko Tun
ဂျပန်ကာကွယ်ရေးဝန်ကြီး ရှင်ဂျီရို ကိုအိဇုမီ၏ မေလ ၅ ရက်က ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့ အလည်ခရီးအတွင်း ၎င်းက ဖိလစ်ပိုင်နှင့် ဂျပန်အကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန်ရည်ရွယ်၍ အဘူကူမာအတန်းအစား ဖျက်သင်္ဘောများကို ဖိလစ်ပိုင်နိုင်ငံသို့ စောစီးစွာ လွှဲပြောင်းပေးမည်ဟု ကတိပြုခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ၏ ပိုင်နက်ဆိုင်ရာ တောင်းဆိုမှုများအပေါ် နှစ်နိုင်ငံစလုံး၏ မကျေနပ်ချက်များက မကြာသေးမီနှစ်များအတွင်း ၎င်းတို့ နှစ်နိုင်ငံကို ပိုမိုနီးကပ်လာစေခဲ့သည်။ ထိုအထဲတွင် တစ်နိုင်ငံ၏ ပိုင်နက်နယ်မြေအတွင်း အခြားတစ်နိုင်ံငံ၏ တပ်ဖွဲ့များကို အပြန်အလှန်ဝင်ရောက်တပ်ချခွင့် သဘောတူညီချက်ကို လက်မှတ်ရေးထိုးခြင်းလည်း ပါဝင်သည်။
ဂျပန်တပ်ဖွဲ့ဝင် ၁,၄၀၀ ပါဝင်သော တပ်ဖွဲ့က အမေရိကန်-ဖိလစ်ပိုင် နှစ်ပတ်လည် စစ်ရေးလေ့ကျင့်မှုတွင် ပထမဆုံးအကြိမ် ပါဝင်နေချိန်နှင့် ဂျပန်အစိုးရက ဆယ်စုနှစ်များစွာကြာ လက်နက်တင်ပို့မှု စည်းမျဉ်းများကို အဓိကမူဝါဒပြောင်းလဲမှုအဖြစ် ဖြေလျှော့ပေးပြီး ရက်သတ္တပတ်အနည်းငယ်အကြာတွင် ကာကွယ်ရေးဝန်ကြီး ရှင်ဂျီရို ကိုအီဇူမီ၏ ခရီးစဉ် ပေါ်ပေါက်လာခြင်းဖြစ်သည်။
ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ဂီလ်ဘာတို တီယိုဒိုရိုနှင့်အတူ ပြောကြားရာတွင် ထို့မတိုင်မီတစ်ရက်ကပင် အင်ဒိုနီးရှားနှင့်လည်း သဘောတူစာချုပ် ချုပ်ဆိုခဲ့သော ကိုအိဇူမီက နှစ်နိုင်ငံသည် ကာကွယ်ရေးပစ္စည်းကိရိယာများကို အဓိကထားသည့် လုပ်ငန်းအဖွဲ့တစ်ခု ဖွဲ့စည်းမည်ဟု ပြောကြားခဲ့သည်။
“အဘူကူမာ အမျိုးအစား ဖျက်သင်္ဘောများနှင့် TC-90 လေယာဉ်များအပြင် အခြားကာကွယ်ရေးပစ္စည်းများကို စောစီးစွာလွှဲပြောင်းပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် ဘက်စုံပစ္စည်းကိရိယာများ ပူးပေါင်းဆောင်ရွက်မှုကို အကောင်အထည်ဖော်ရန် ရည်ရွယ်သည့် ဆွေးနွေးမှုများကို ဆက်လက် လုပ်ဆောင်ရန် ကျွန်ုပ်တို့ သဘောတူညီခဲ့ကြသည်” ဟု ကိုအိဇုမိက ပြောကြားခဲ့သည်။
ဂျပန်မှ အနားပေးတော့မည့် အဘူကူဘာ အမျိုးအစား ဖျက်သင်္ဘောများမှာ ဖိလစ်ပိုင်၏ အလေးထား သတိပြုမိမှုအောက်တွင် အချိန်အတော်ကြာ ရှိနေခဲ့ပြီး ဖိလစ်ပိုင်စစ်တပ်က ၂၀၂၅ ခုနှစ်တွင် ၎င်းတို့ကို စစ်ဆေးရန် အဖွဲ့တစ်ဖွဲ့ စေလွှတ်မည်ဟု ပြောကြားခဲ့သည်။
သတင်းစာရှင်းလင်းပွဲအပြီးတွင် ဂီလ်ဘာတို တီယိုဒိုရိုက ဖျက်သင်္ဘောများသည် ဝယ်ယူမှုထက် လှူဒါန်းမှုတစ်ခု ဖြစ်လိမ့်မည်ဟု သတင်းထောက်များကို ပြောကြားခဲ့သည်။ သို့သော်အစင်းရေ မည်မျှ ပါဝင်မည်ကိုမူ တိတိကျကျ မပြောကြားခဲ့ပေ။
“လွှဲပြောင်းမှုသည် လက်ဆောင်တစ်ခုသာဖြစ်သည်” ဟု ၎င်းက ပြောကြားခဲ့ပြီး ဂျပန်၏ မကြာသေးမီက မူဝါဒပြောင်းလဲမှုကြောင့် ဖိလစ်ပိုင်သည် ယခုအခါ “ကာကွယ်ရေးပစ္စည်းများ ဂျပန်ထံမှဝယ်ယူနိုင်တော့မည် ဖြစ်ကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။.
ဂျပန်မီဒီယာများက ဖျက်သင်္ဘောများကို အခမဲ့ သို့မဟုတ် အထူးလျှော့စျေးဖြင့် လွှဲပြောင်းပေးအပ်ခြင်းသည် နိုင်ငံ၏ ကိုယ်ပိုင်ကာကွယ်ရေးဥပဒေများကို နောက်ထပ်ပြောင်းလဲမှုများ လိုအပ်မည်ဟု ဖော်ပြခဲ့ကြသည်။
ကိုအိဇုမီက အရှေ့တရုတ်ပင်လယ်နှင့် တောင်တရုတ်ပင်လယ်တွင် နိုင်ထက်စီးနင်းပြုခြင်း သို့မဟုတ် အင်အားသုံးအနိုင်ကျင့်ခြင်းအပေါ် ဂျပန်၏ ဆန့်ကျင်မှုကို ထပ်လောင်းပြောကြားခဲ့ပြီး ဒေသတွင်း ပတ်ဝန်းကျင်၌ ပိုမိုတင်းမာလာစေသောလုပ်ရပ်ဟု ၎င်းက ခေါ်ဆို ထောက်ပြခဲ့သည်။
တရုတ်နိုင်ငံက ဖိလစ်ပိုင်အား တောင်တရုတ်ပင်လယ်ရှိ မဟာဗျူဟာအရ အရေးပါသော သန္တာကျောက်တန်းများနှင့် ကျွန်းများသို့ ဝင်ရောက်ခွင့် ပိတ်ပင်ရန် ကြိုးပမ်းခဲ့ရာတွင် ရေတပ်နှင့် ကမ်းရိုးတန်းစောင့်တပ်များ၏ သင်္ဘောများကို ချထားခဲ့ပြီး ပဋိပက္ခများစွာကို ဖြစ်ပေါ်စေခဲ့သည်။
နိုင်ငံတကာက ၎င်း၏ပြောဆိုချက်မှာ တရားဥပဒေကြောင်းအရ အခြေခံမရှိဟု ဆိုကြသော်လည်း တရုတ်အစိုးရကမူ တောင်တရုတ်ပင်လယ်၏အရေးပါသော ရေလမ်းကြောင်းတစ်ခုလုံးနီးပါးကို ပိုင်ဆိုင်ကြောင်း တောင်းဆိုထားသည်။
ထိုအတောအတွင်း ဂျပန်အစိုးရကလည်း ဖိလစ်ပိုင်၏ တောင်တရုတ်ပင်လယ်ကင်းလှည့်ရေယာဉ်များအပြင် ရေကြောင်းစောင့်ကြည့်ရေးစနစ်များကို ခေတ်မီအောင်ပြုလုပ်ရန် ကြိုးပမ်းမှုများအတွက် အဓိကငွေကြေးထောက်ပံ့သူဖြစ်လာခဲ့သည်။
၂၀၀၆ ခုနှစ်အစောပိုင်းတွင် နှစ်နိုင်ငံသည် လောင်စာဆီနှင့် ခဲယမ်းမီးကျောက် ပြန်လည်ထောက်ပံ့ရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သည်။
တာဝန်မှရပ်ဆိုင်းထားပြီဖြစ်သော ဒုတိယကမ္ဘာစစ်ခေတ်က ရေတပ်သင်္ဘောတစ်စင်းကို ဂျပန်က Type 88 သင်္ဘောဖျက်ဒုံးကျည်ဖြင့် နှစ်မြှုပ်ခြင်းကို ကြည့်ရှုရန် ကိုအိဇုမိနှင့် တီယိုဒိုရို နှစ်ဦးစလုံးသည် အီလိုကော့စ် နောတီ (Ilocos Norte) ပြည်နယ်သို့ မေလ ၆ ရက်တွင်သွားရောက်ကြည့်ရှုရန် မျှော်လင့်ရသည်။
အမေရိကန်၊ ဖိလစ်ပိုင်နှင့် ကနေဒါတပ်ဖွဲ့များသည်လည်း ထိုလေ့ကျင့်ခန်းတွင် ပါဝင်မည်ဖြစ်သည်။
Ref- SCMP
