April 29, 2024

၉. ၇. ၂၀၂၃
Written by Phyo Wei

ပို့ကုန်ရငွေ ပြန်ဝင်ရမဲ့ရက်ကို အရင် ၇ ရက်ကနေ ၁၅ ရက်အထိ တိုးမြှင့်လိုက်သလို ပို့ကုန်အာမခံကြေးကိုလည်း မြန်မာကျပ်ငွေနဲ့ ပေါက်ဈေးအတိုင်း ပေးသွင်းနိုင်တယ်လို့ စီးပွား/ကူးသန်းက ဖြေလျှော့ ကြေညာလိုက်တဲ့ ဒီရက်သတ္တပတ်မှာဆိုရင် ပွဲဆူအောင် လှုပ်ရှားခဲ့တာက ပုသိမ်ကြီးမြို့နယ်က နန်းဦးလွင်ကျေးရွာက မြေကွက်တွေ အကွက်ရိုက်ရောင်းခဲ့တဲ့ ကိစ္စပါ။ ဒီဖြစ်စဉ်မှာ ဖြိုဖျက်ခံရမဲ့ နေအိမ်တွေ၊ လမ်းတွေဟာ သိန်းထောင်ချီတန်တဲ့ မြေကွက်တွေဖြစ်နေပြီး နေအိမ်တွေမှာ လက်ရှိနေသူတွေကလည်း ချမ်းသာကြွယ်၀လို့ ပေါက်ရောက်သူတွေဖြစ်တာကြောင့် အရင်လပိုင်းတွေတုန်းက မန္တလေးမှာ ကျုးတွေ ချက်ခြင်းဖျက်ခဲ့သလိုမျိုး လုပ်မရတော့တဲ့အပြင် တာဝန်ရှိသူတွေဆီ အသနားခံစာတွေ ပေးပို့တာကြောင့် ဒီဖြစ်စဉ်မှာ ပါဝင်သူတချို့ကို စိစစ်အရေးယူဖို့ ညွှန်ကြားမှုတွေ ရှိလာပါတယ်။

ဒါ့အပြင် နေအိမ်ဆောက်ခွင့်မရတဲ့နေရာတွေမှာ အခိုင်အမာ လမ်းတွေဖောက်ပေး၊ မီးတွေသွယ်ပေးပြီး၊ သိန်းရာထောင်ချီ အဆောက်အအုံတွေ ဆောက်တာ ခွင့်ပြုပေးသူတွေပါ အရေးယူသင့်တယ်ဆိုတဲ့ အခြေအနေတွေ ထွက်ပေါ်လာပါတယ်။ အခြားတစ်ဖက်မှာလည်း နန်းဦးလွင်ဟာ ဦးသိန်းစိန်လက်ထက် လယ်ယာမြေဥပဒေထွက်လာအပြီးမှာ အကွက်ရိုက် ရောင်းချခဲ့တာဖြစ်ပြီး NLD အစိုးရဟောင်းလက်ထက်မှာ လမ်းတွေ၊ မီးတွေ ဖောက်လုပ်သွယ်တန်းပေးခဲ့တာ ဆက်လက်ခွင့်ပြုတာတွေ လုပ်ပေးခဲ့တယ်လို့ သိရတာကြောင့်လည်း မဲရဖို့အတွက် ဒါတွေ လုပ်ခဲ့သလားဆိုတဲ့ မေးခွန်းတွေ ရှိခဲ့တဲ့ ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်အဖြစ်တော့ မြန်မာနိုင်ငံမှာ ငွေကြေးဖောင်းပွမှုဖိအားတွေ လျော့ကျလာမှုနောက်မှာ ကုန်ထုတ်လုပ်မှု မြင့်တက်လာတဲ့အကြောင်းတွေ၊ မြန်မာနိုင်ငံကို ကုန်သွယ်ခွင့်မပိတ်ပါဘူးလို့ စင်ကာပူနိုင်ငံပြောတဲ့အကြောင်းတွေနဲ့ ဝင်ငွေအလယ်အလတ်အနည်းဆုံးအဆင့်က မြန်မာနိုင်ငံအကြောင်းတွေကို တင်ပြချင်ပါတယ်။

ငွေကြေးဖောင်းပွမှု လျော့ကျလို့ မြင့်တက်လာတဲ့ ကုန်ထုတ်လုပ်မှု

ပဋိပက္ခတွေ စတင်ခဲ့တဲ့ ၂၀၂၁ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ နှစ်အလိုက်ငွေကြေးဖောင်းပွမှုနှုန်းဟာ ၁၅ ရာခိုင်နှုန်းကျော်ဖြစ်လာသလို လက်နက်ကိုင် တိုက်ခိုက်ဖျက်ဆီးမှုတွေ အရှိန်မြှင့်ခဲ့တဲ့ ၂၀၂၂ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုနှုန်းက ၁၈ ဒသမ ၃ ရာခိုင်နှုန်းပါ။ အကြမ်းဖက်တိုက်ခိုက်မှုတွေအပေါ် ပြည်သူလူထုစိတ်ပျက်အားလျှော့ပြီး ကိုယ့်အလုပ်ကိုယ် ပုံမှန်ပြန်လုပ်လာတဲ့ လက်ရှိ ၂၀၂၃ ခုနှစ်မှာတော့ ၁၄ ရာခိုင်နှုန်းကိုကျဆင်းလာပြီး လာမဲ့ ၂၀၂၄ မှာလည်း ဆက်လက်ကျဆင်းမဲ့အခြေအနေရှိတယ်လို့ ကမ္ဘာ့ဘဏ်က သုံးသပ်လာပါတယ်။

အဲဒီလို အခြေအနေတွေကြောင့် မြန်မာ့ကုန်ထုတ်လုပ်မှုကဏ္ဍကလည်း နောက်ဆုံးသုံးနှစ်အတွင်း လစဥ်တိုးတက်နေသလို ပြီးခဲ့တဲ့မတ်လကလည်း အာဆီယံဒေသအတွင်း ကုန်ထုတ်လုပ်မှုမှာ မြန်မာနိုင်ငံက ၃၂ လအတွင်း အတိုးတက်ဆုံးအဖြစ် ထိပ်ဆုံးနေရာက ဦးဆောင်နိုင်ခဲ့တယ်လို့လည်း ဂျပန်နိုင်ငံက တွက်ဆဖော်ပြတဲ့ PMI ညွှန်းကိန်း (Manufacturing Purchasing Manager’s Index -ဝယ်ယူရေးမန်နေဂျာများ၏ အညွှန်းကိန်း) မှာ ဖော်ပြခဲ့ပါတယ်။

ရှုပ်ထွေးနေတဲ့ နိုင်ငံရေးနဲ့ စီးပွားရေးနောက်ခံအကြားမှာ မြန်မာ့ထုတ်လုပ်ရေး ကဏ္ဍဟာ ဇွန်လမှာ ရှေ့ဆက် တိုးထုတ်မှုကို မှတ်တမ်းတင်နိုင်ခဲ့ပြီး အော်ဒါအသစ်တိုးရလာမှုက စက်မှုကဏ္ဍကို ပံ့ပိုးပေးခဲ့ပါတယ်။ ဇွန်လရဲ့ PMI အညွှန်းကိန်း ၅၀.၄ မှာ ရှိနေခြင်းက ထင်ဟပ်ပြသနေတဲ့ အတိုင်းဆိုရင် ပစ္စည်းပေးသွင်းမှု ကန့်သတ်ချက်တွေက နောက်ကိုဆွဲနေချိန်မှာ ကုမ္ပဏီတွေက ထုတ်လုပ်မှုတိုးဖို့ လုံးပမ်းနေကြပါတယ်။ ငွေကြေးဖောင်းပွမှုဆိုင်ရာ ဖိအားပေးမှုတွေက မေလနောက်ပိုင်းမှာ အားပျော့လာခဲ့ပေမဲ့ အားကောင်းလျက် ရှိနေဆဲဖြစ်လို့ ၁၄ ရာခိုင်နှုန်းအောက် ကျသွားဖို့ အများကြီးမမျှော်လင့်နိုင်ပေမဲ့ အနာဂတ်ကို လှမ်းကြည့် ခန့်မှန်းရရင် စိန်ခေါ်မှုများနေပြီး ယုံကြည်စိတ်က အသင့်အတင့် အကောင်းသဘောကို ဆောင်နေပါတယ်”လို့ စီးပွားရေးပညာရှင် Maryam Baluch က PMI ညွှန်းကိန်း နောက်ဆုံးစစ်တမ်းရလဒ်ကို သုံးသပ်ခဲ့ပါသေးတယ်။

PMI စစ်တမ်းအရ ငွေကြေးဖောင်းပွမှုလျော့ကျလာတာနဲ့အတူ မြန်မာနိုင်ငံရဲ့ ကုန်ထုတ်လုပ်မှုတွေ တိုးလာတဲ့အပြင် လုပ်ငန်းတွေပုံမှန်လည်ပတ်လာတာကြောင့် ဝန်ထမ်းတွေကိုယ်တိုင်က ပိုပြီးတော့ လစာကောင်းမဲ့အလုပ်ဘက်ကို ပြန်လည်ရွေးချယ်လာတယ်ဆိုတာလည်း ဖော်ပြလာတာကြောင့် သေချာတာကတော့ ပြည်သူတိုင်းဟာ ပုံမှန်လည်ပတ်နေပြီဆိုတာကို ဖော်ညွှန်းခဲ့သလို ဒီလိုအခြေအနေကောင်းကို ဟန်ချက်မပျက်သွားအောင် ထိန်းနိုင်ဖို့ ပိုတိုးတက်ဖို့လည်း လိုအပ်လာတယ်လို့ပဲ သုံးသပ်ရပါမယ်။

မြန်မာနိုင်ငံကို ကုန်သွယ်ခွင့်မပိတ်ဘူးဆိုတဲ့ စင်ကာပူ

” စင်ကာပူအစိုးရဟာ မြန်မာနိုင်ငံနဲ့ ကုန်သွယ်မှုတွေကို ပိတ်ပင်ကန့်သတ်တာမျိုးလုပ်ဖို့ ရည်ရွယ်ချက်မရှိဘူးဆိုတာကို ရှင်းရှင်းလင်းလင်းသိထားစေချင်တယ်။ကျွန်တော်တို့ဟာ ကုန်သွယ်မှုလုပ်ဆောင်တာတွေကို တားဆီးပိတ်ပင်လိုက်မယ်ဆိုရင် မြန်မာပြည်သူတွေ ထပ်မံပြီးအခက်အခဲဖြစ်ရတာမျိုး မလိုလားဘူး “လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး Dr Vivian Balakrishnan က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဒါ့အပြင်လည်း စင်ကာပူအစိုးရမူဝါဒရေးရာရည်ရွယ်ချက်ထဲမှာ မြန်မာနိုင်ငံနဲ့ပြုလုပ်နေတဲ့ တရားဝင် ကုန်သွယ်မှုတွေကို တားဆီးပိတ်ပင်ဖို့ ရည်ရွယ်ချက်မရှိကြောင်းနဲ့ မြန်မာနိုင်ငံနဲ့ကုန်သွယ်မှုကို တားဆီးပိတ်ပင်မယ်ဆိုရင် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနောက်ကျသွားမှာဖြစ်သလို ပြည်သူတွေ အခက်အခဲဖြစ်ရမှု ပိုမိုမြင့်တက်လာနိုင်ဖွယ်ရှိနေတယ်လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ပြောခဲ့ပါသေးတယ်။

အသိဉာဏ်ရှိတာကြောင့် အာဆီယံရဲ့ အတိုးတက်ဆုံးနိုင်ငံဖြစ်နေတဲ့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးရဲ့ ပြောစကားဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀ ကတည်းက တစ်စိုက်မတ်မတ် ပိတ်ဆို့မှုတွေ တောင်းဆိုလာတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အလုံးစုံဖြိုဖျက်ပြီးမှ အသစ်ပြန်တည်ဆောက်မယ်ဆိုတဲ့ NUG၊ PDF တွေရဲ့ အသိဉာဏ်နဲ့ ဆန့်ကျင်ဘက်ဖြစ်နေတာကို တွေ့ရသလို နှစ်စဉ် ဒေါ်လာ ၆ ဘီလျံလောက် ကုန်သွယ်နေတဲ့ မြန်မာနိုင်ငံနဲ့ စင်ကာပူအကြား ကုန်သွယ်မှုကို ဖြတ်တောက် မြန်မာပြည်သူတွေကို ချောက်ထဲရောက်ပြီး ပိုစုတ်ပြတ်သွားဖို့ ဆုတောင်းနေသူ လူတစ်စုအတွက်တော့ ဒေါသထွက်စရာကောင်းနေမှာဖြစ်ပေမဲ့ မြန်မာနိုင်ငံနဲ့ ပြည်သူတွေအတွက်တော့ အဆိုးတွေထဲက သတင်းကောင်းတစ်ခုလို့ပဲ ပြောရပါမယ်။

ဝင်ငွေအလယ်အလတ်အနည်းဆုံးအဆင့်က မြန်မာ

NLD အစိုးရဟောင်းလက်ထက် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၉ ရက်မှာ စီးပွားရေးပညာရှင်ကြီး ဒေါက်တာဦးမြင့်က NLD ရဲ့ လက်ကျန်သက်တမ်းအတွင်း လာအိုကို ကျော်တက်ဖို့တောင် မဖြစ်နိုင်ဘူးပြောခဲ့လို့ ပွဲဆူခဲ့ပါသေးတယ်။ အဲဒီကာလဟာ အတိုင်ပင်ခံဟောင်း ဒေါ်အောင်ဆန်းစုကြည်က စင်ကာပူစီးပွားရေးကို အနှစ် ၂၀ အတွင်း ကျော်တက်မယ်လို့ စင်ကာပူမှာ ပြောခဲ့တာကြောင့် အဟုတ်တကယ်စင်ကာပူကျော်တော့မယ်ထင်နေချိန်မှာ ပြောခဲ့တာကြောင့်လည်း ပွဲပိုဆူခဲ့တာပါ။

အဲဒီကာလမှာ ဒေါက်တာဦးမြင့်ဟာ ကမ္ဘာ့ဘဏ်က ထုတ်ပြန်တဲ့ အာဆီယံနိုင်ငံများ၏ လူတစ်ဦးချင်း အသားတင်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (PER Capita GDP) နဲ့ နှိုင်းယှဉ်တွက်ပြခဲ့တာဖြစ်ပြီး ၂၀၂၀-၂၀၂၁ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ လူတစ်ဦးချင်း ဂျီဒီပီက ၁၈၂၃ ဒေါ်လာရမယ်လို့ အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့က ခန့်မှန်းထုတ်ပြန်ခဲ့ချိန်မှာ လာအိုကတော့ ၂၀၁၅ ခုနှစ်ကတည်းက တစ်ဦးချင်းဂျီဒီပီ ၂၁၄၉ ဒေါ်လာဖြစ်နေလို့ မြန်မာ့တိုးတက်မှုက လာအိုရဲ့ ၂၀၁၅ တိုးတက်မှုတောင် မမီဘူးလို့ ချိန်ဆပြခဲ့တာလည်းဖြစ်ပါတယ်။

တစ်ဖက်မှာလည်း ၂၀၁၈ ကာလမှာ မြန်မာနိုင်ငံဟာ ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံများ (LDC) အဆင့်က လွတ်မြောက်ဖို့ သတ်မှတ်ထားတဲ့စံနှုန်း သုံးခုစလုံးနဲ့ ပထမဆုံးအကြိမ် ပြည့်မီလာခဲ့ပြီး ၂၀၁၈ ခုနှစ် သုံးနှစ်တစ်ကြိမ် လေ့လာသုံးသပ်မှု (Triennial Review) မှာ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ (LDC) အဆင့်က လွတ်မြောက်ရေးစံနှုန်းအဖြစ် တစ်ဦးချင်းဝင်ငွေ (Gross National Income – GNI) အမေရိကန်ဒေါ်လာ ၁၂၃၀ ထက် ကျော်လွန်ပြီး ၁၂၅၅ ဒေါ်လာ၊ လူသားအရင်းအနှီးညွှန်းကိန်း (Human Access Index HAI) ၆၆ နဲ့ အထက်ရှိဖို့မှာ ၆၈ ဒသမ ၅ နဲ့ စီးပွားရေး ထိခိုက်နစ်နာလွယ်မှုဆိုင်ရာ ညွှန်းကိန်း (Economic Vulnerability Index – EVI )၃၂ နဲ့ အောက်ရှိဖို့မှာ ၃၁ ဒသမ ၇ ရရှိတာကြောင့် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ အဆင့်က လွတ်မြောက်ရေးဆိုင်ရာ သတ်မှတ်စံနှုန်းသုံးခုလုံးနဲ့ ပြည့်မီခဲ့ပါသေးတယ်။

ဒါပေမဲ့ လက်ရှိအချိန်မှာတော့ ဒီအဖြစ်တွေဟာ အာဏာပဋိပက္ခတွေနဲ့ အလုံးစုံပျက်သုဉ်းရေးမူဝါဒတွေကြားမှာ အိပ်မက်ဖြစ်သွားခဲ့ပြီး ကမ္ဘာ့ဘဏ်ရဲ့ နောက်ဆုံးထုတ်ပြန်ချက်အရ အာဆီယံဒေသတွင်းနိုင်ငံတွေထဲ မြန်မာနိုင်ငံရဲ့ တစ်ဦးချင်းဝင်ငွေက အမေရိကန်ဒေါ်လာ ၁၂၁၀ ပဲ ရှိတယ်လို့ စစ်တမ်းထုတ်ခဲ့တာကြောင့် LDC နိုင်ငံစာရင်းထဲ ပြန်ရောက်သွားတော့မဲ့ အခြေအနေရောက်လာသလို နိုင်ငံရေးကို အခြေပြုပြီး ဖြစ်ရတဲ့ စီးပွားရေးအကျပ်အတည်းနဲ့ တိုင်းပြည်ရဲ့ အခြေခံအဆောက်အဦတွေ ဖျက်ဆီးနေသူတွေကြောင့် ဒီလိုလူတွေလက်က လွတ်မြောက်မှပဲ နိုင်ငံ့အတွက် ကောင်းကွက် မျှော်လင့်ရတော့မှာပါလို့ တင်ပြရင်း…..။

Leave a Reply

Your email address will not be published. Required fields are marked *

Related News