၉. ၇. ၂၀၂၃
Written by Nay Aung

ယူကရိန်းနှင့် ရုရှားတို့စစ်ပွဲဖြစ်ပွားခဲ့ပြီးနောက် အစားအစာ၊ ရေနံနှင့် ဓာတ်မြေသြဇာဈေးနှုန်းများ မြင့်တက်မှုဒဏ်ကို အဆိုးရွားဆုံးရင်ဆိုင်နေရသော နိုင်ငံများထဲတွင် မြန်မာနိုင်ငံကလည်း ထိပ်ဆုံးမှ ပါဝင်လျက်ရှိနေကြောင်း ActionAid အဖွဲ့၏ နောက်ဆုံးပြုလုပ်သော စစ်တမ်းတွင် ဖော်ပြထားသည်။

ActionAid အဖွဲ့သည် ယူကရိန်းနှင့် ရုရှားတို့စစ်ပွဲဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ဈေးနှုန်းမြင့်တက်မှုများနှင့်ပတ်သက်ပြီး လေ့လာမှုစစ်တမ်းလုပ်ဆောင်ခဲ့ရာ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ အာဖန်ဂန်နစ္စတန်၊ ကင်ညာ၊ ဆိုမာလီယာ၊ အီသီယိုပီးယား၊ ဇမ်ဘီယာ၊ ဇင်ဘာဘွေ၊ မာလဝီ၊ ကွန်ဂို၊ နိုင်ဂျီးရီးယား၊ ဆီရီယာလီနွန်၊ ဟေတီနိုင်ငံတို့ရှိ အဖွဲ့အစည်းပေါင်း ၆၉ ဖွဲ့မှ လူပုဂ္ဂိုလ်ပေါင်း ၁၀၁၀ ဦးကို မေးမြန်းကာ စစ်တမ်းကောက်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါနိုင်ငံများတွင် ရေနံ၊ အစားအစာ၊ ဓာတ်မြေသြဇာဈေးနှုန်းများသည် ယူကရိန်းစစ်ပွဲမဖြစ်ပွားခင် အချိန်ကထက် ပိုမိုမြင့်တက်လျက်ရှိနေခဲ့ကြောင်း ActionAid အဖွဲ့၏ စစ်တမ်းတွင် ဖော်ပြထားသည်။

အဆိုပါ ကောက်ယူခဲ့သောစစ်တမ်းတွင် မြန်မာအပါအဝင် နိုင်ငံပေါင်း ၁၄ နိုင်ငံ၌ နေ့စဉ်ပျမ်းမျှအားဖြင့် ဂျုံပေါင်မုန့်ဈေးနှုန်း ၁၀၁ ရာခိုင်နှုန်း၊ ခေါက်ဆွဲဈေးနှုန်း ၁၁၉ ရာခိုင်နှုန်း၊ သကြားဈေးနှုန်း ၅၉ ရာခိုင်နှုန်း၊ ရေဈေးနှုန်း ၉၈ ရာခိုင်နှုန်း၊ စားသုံးဆီ ၅၇ ရာခိုင်နှုန်း၊ ဓာတ်ဆီဈေးနှုန်း ၈၀ ရာခိုင်နှုန်း၊ ဓာတ်မြေသြဇာဈေးနှုန်း ၁၁၈ ရာခိုင်နှုန်း၊ သန့်ရှင်းရေး Sanitary Pads ၈၃ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်း ActionAid အဖွဲ့က ဖော်ပြထားသည်။

စစ်တမ်းကောက်ယူခဲ့သောနိုင်ငံများအနက် စိုက်ပျိုးရေးနိုင်ငံဖြစ်သော မြန်မာနိုင်ငံတွင် ဓာတ်မြေသြဇာဈေးနှုန်းများသည် ယူကရိန်းစစ်ပွဲမဖြစ်ခင်က အချိန်နှင့် နှိုင်းယှဉ်လျှင် ၃၀၆ ရာခိုင်နှုန်းမြင့်တက်လာခဲ့ကြောင်း သိရသည်။ ဓာတ်မြေသြဇာ ဈေးနှုန်းမြင့်တက်ခြင်းကြောင့် မြန်မာအပါအဝင် နိုင်ငံပေါင်း ၁၄ နိုင်ငံသည် လယ်ယာစိုက်ပျိုးမှုများကို လျှော့ချခဲ့ရပြီး ထွက်ရှိသော သီးနှံအရေအတွက်လည်း မျှော်လင့်သလောက် ကောင်းမွန်မှုမရှိခဲ့ကြောင်း ActionAid အဖွဲ့က ဖော်ပြထားသည်။

ထို့ပြင် မြန်မာအပါအဝင် နိုင်ငံပေါင်း ၁၄ နိုင်ငံတွင် ပြည်သူများသည် ပျမ်းမျှအားဖြင့် ဝင်ငွေရရှိမှု ၂၃ ရာခိုင်နှုန်း ကျဆင်းခဲ့ရကြောင်း သိရသည်။ ကုန်ဈေးနှုန်းမြင့်တက်ခြင်းများကြောင့် မြန်မာအပါအဝင် နိုင်ငံပေါင်း ၁၄ နိုင်ငံတွင် နေထိုင်သော ပြည်သူများသည် အကြွေးဖိစီးမှုများကို ရင်ဆိုင်ခဲ့ရသလို ပြည်တွင်းသုံးငွေကြေး တန်ဖိုးကျဆင်းမှုများကို ရင်ဆိုင်ခဲ့ရကြောင်း သိရသည်။

စစ်တမ်းကောက်ယူခဲ့သော နိုင်ငံ ၁၄ နိုင်ငံအနက် မြန်မာနိုင်ငံသည် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ၊ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခ၊ ရာသီဥတုပြောင်းလဲမှုကြောင့်ဖြစ်ပေါ်လာသော သဘာဝဘေးအန္တရာယ်၊ ယူကရိန်းစစ်ပွဲ၏သက်ရောက်မှုများ၊ ပြည်တွင်းငွေကြေးတန်ဖိုးကျဆင်းမှုဒဏ်ကို အခြားနိုင်ငံများနှင့်နှိုင်းယှဉ်လျှင် ပိုမိုခံစားခဲ့ရကြောင်း ActionAid အဖွဲ့က ဖော်ပြထားသည်။

ActionAid အဖွဲ့၏ ကမ္ဘာ့မူဝါဒရေးရာ လေ့လာသုံးသပ်သူ Alberta Guerra က” ယူကရိန်းစစ်ပွဲဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ကမ္ဘာတဝှမ်းရှိ ထိခိုက်လွယ်ဆုံးသူတွေဟာ အစားအစာ၊ လောင်စာဆီနဲ့ ဓာတ်မြေသြဇာဈေးနှုန်းများ အဆမတန်မြင့်တက်မှုကို ရင်ဆိုင်ခဲ့ရတယ်။ အထူးသဖြင့် ကုန်ဈေးနှုန်းမြင့်တက်မှုကို အမျိုးသမီးနဲ့ မိန်းကလေးတွေ အဆိုးရွားဆုံးခံစားခဲ့ရတယ်။ ကုန်ဈေးနှုန်းမြင့်တက်မှုကြောင့် အစားအစာလိုအပ်ချက်တွေအပြင် ပညာရေး၊ စိတ်ပိုင်းဆိုင်ရာထိခိုက်ရမှုတွေ ဖြစ်စေခဲ့တယ်။ ဒါ့အပြင် အရွယ်မရောက်ဘဲ အိမ်ထောင်ပြုရမှုတွေ ပိုမိုဖြစ်လာခဲ့တယ်။ ” ဟု ပြောသည်။

Ref-actionaid

Leave a Reply

Your email address will not be published. Required fields are marked *