သတိုး
၁၈. ၁၁. ၂၀၂၆
အိမ်ခြံမြေရောင်းဝယ်မှုများတွင် တန်ဖိုးလျှော့ပြပြီး အခွန်ဆောင်နေကြသဖြင့် လပ်နေသောအခွန်များ အပြည့်အ၀ရရှိရန် အခွန်ရှောင်မှုများကို ယမန်နှစ်က စတင် ကြပ်မတ်ခဲ့ရာ ကျပ်ဘီလျံ ၁၀၀ ခန့် တိုးမြှင့်ရရှိခဲ့ကြောင်း နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်က ပြည်ထောင်စုလွှတ်တော်တွင် မိန့်ခွန်းပြောကြားစဉ် ထည့်သွင်း ပြောကြားသည်။
“တကယ်တော့ အခွန်သေချာကောက်မယ်ဆိုရင် ဒီ့ထက်မက ရနိုင်စရာရှိပါတယ်။ ကျွန်တော်တို့ တိမ်းရှောင်နေတဲ့အခွန်တွေ လိုက်ပြီးတော့ … အမျိုးမျိုးပေါ့ဗျာ။ အကြောင်းအမျိုးမျိုးနဲ့ တိမ်းရှောင်နေကြတာပေါ့။ ဥပမာအားဖြင့် အိမ်တွေရောင်းကြ၊ မြေတွေရောင်းကြတယ်။ တစ်ဘီလျံနဲ့ရောင်းပြီး တကယ်စာရင်းပြတဲ့အခါကြတော့ သန်း ၅၀၀ ပဲ ဖော်ပြတယ်။ သန်း ၅၀၀ ကို လုပ်ကြတယ်။ နောက်တစ်ခါ သက်ဆိုင်ရာက သတ်မှတ်ထားတဲ့စျေးနဲ့ မြေပြင်မှာ ပေါက်တဲ့စျေးက ကွာဟချက်ရှိတော့ စာချုပ်ချုပ်တဲ့အခါမှာ သတ်မှတ်ထားတဲ့စျေးနဲ့ပဲ စာချုပ်ချုပ်တယ်။ တကယ်ပေါက်တဲ့စျေးနဲ့ စာချုပ်မချုပ်ဘူး။ အဲဒါတွေ ကွာဟချက်ရှိတော့ အခွန်တွေ လပ်နေတာရှိပါတယ်။ ဒါကြောင့် အဲဒါတွေ ကျွန်တော်တို့လည်း မနှစ်ကစပြီး စိစစ်တဲ့အခါမှာ ဘီလျံ ၁၀၀ လောက် အခွန်တိုးရတာ ရှိပါတယ်။”ဟု နိုင်ငံတော်သမ္မတက ပြောကြားသည်။
အလားတူ မော်တော်ယာဉ်ရောင်းဝယ်မှုများတွင်လည်း EV ကားထုတ်လုပ်သူများမှာ သတ်မှတ်စျေးဖြင့် ရောင်းချရသည့်အပြင် သတ်မှတ်အခွန်ပေးဆောင်ရသော်လည်း ပြင်ပစျေးကွက်တွင်မူ ဝယ်ရောင်းများက သန်းရာချီ အမြတ်တင်ရောင်းပြီး ကားစျေးများလျှော့ချကာ စာချုပ်နေကြသည်ကို သိရှိထားသည်ဟုလည်း နိုင်ငံတော်သမ္မတက အသိပေးပြောကြားသလို မြေပြင်တွင်အမှန်တကယ်ဖြစ်ပေါ်နေသည့် အခွန်တိမ်းရှောင်မှု ဖြစ်ရပ်များကိုလည်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် စိစစ်ကြည့်စေလိုသည်ဟုလည်း တိုက်တွန်းပြောကြားသည်။
“မော်တော်ကားရောင်းတဲ့အခါမှာလည်း ကားစျေးတွေကို လျှော့ပြီးတော့ စာချုပ်ချုပ်တာပေါ့။ ကျွန်တော်တို့က EV ကားတွေ ထုတ်တယ်။ စက်ရုံက ထုတ်တဲ့လူကြတော့ ကျွန်တော်တို့သတ်မှတ်ထားတဲ့စျေးပဲရောင်းရတယ်။ အခွန်ကလည်း သတ်မှတ်ထားတဲ့နှုန်းနဲ့ပဲ ဆောင်ရပါတယ်။ ဒါပေမဲ့ EV ကား အပြင်ရောက်တဲ့အခါမှာ သန်း ၂၀၀၊ ၃၀၀ စျေးပြောင်းသွားတာရှိတယ်။ တချို့ကားတွေဆို ၄၀၀၊ ၅၀၀ အထိ ပြောင်းသွားတာရှိတယ်။ ကျွန်တော်တို့ သိပါတယ်။ အဲဒီမှာလည်း ဝယ်ရောင်းသမားတွေက အကြွင်းမဲ့ရယူပြီး ဆောင်ရွက်နေတာလည်း တွေ့ပါတယ်။ ဒါကြောင့်မို့လို့လည်း အခွန်တွေ ပြည့်ပြည့်၀၀ရဖို့အတွက်လည်း ကိုယ်စားလှယ်ကြီးများက မြို့တွေကိုရောက်တဲ့အခါမှာ နည်းနည်းလေး စိစစ်ကြည့်စေလိုပါတယ်။ မြေပြင်မှာ တကယ်ဖြစ်နေတဲ့အခြေအနေပါ။”ဟု နိုင်ငံတော်သမ္မတက ပြောကြားသည်။
