သတိုး
၆. ၅. ၂၀၂၆
ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်ဖြင့် ပြစ်ဒဏ်ဆက်လက်ကျခံစေရန် မြန်မာအာဏာပိုင်များက ခွင့်ပြုခဲ့ပြီးနောက် ပိုမိုပွင့်လင်းမြင်သာမှုရှိစေရန်အတွက် အာဆီယံအထူးကိုယ်စားလှယ်ကို သူမနှင့် တွေ့ဆုံခွင့်ပေးရန် ဖိလစ်ပိုင်နိုင်ငံက ယနေ့ (မေ ၆ ရက်) တွင် မြန်မာနိုင်ငံကို တောင်းဆိုလိုက်သည်။
ယခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသော ဖိလစ်ပိုင်နိုင်ငံ၏ ထုတ်ပြန်ချက်တွင် “မြန်မာနိုင်ငံ၏ ရေရှည်တည်ငြိမ်ရေးအတွက် လိုအပ်သော ယုံကြည်မှုတည်ဆောက်ရေး လုပ်ငန်းစဉ်များတွင် ယခုဖြစ်ပေါ်တိုးတက်မှုများသည် အရေးကြီးသော ခြေလှမ်းများဖြစ်သည်ဟု ကျွန်ုပ်တို့ ရှုမြင်ပါသည်” ဟု ဖော်ပြထားသည်။
ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနက ဒေါ်အောင်ဆန်းစုကြည်အား သူမ၏ မိသားစုနှင့် ဆက်သွယ်ခွင့်ပေးခြင်းဖြင့် “အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် စစ်မှန်သော ကတိကဝတ်” ကို ပြသရန် မြန်မာနိုင်ငံကို တိုက်တွန်းခဲ့သည်။
ထို့အပြင် အာဆီယံအထူးကိုယ်စားလှယ်ကို တွေ့ဆုံခွင့်ပေးခြင်းသည် သက်ဆိုင်သူအားလုံးနှင့် ထိတွေ့ဆက်ဆံမှုကို အထောက်အကူဖြစ်စေပြီး အားလုံးပါဝင်နိုင်သည့် အမျိုးသားအဆင့် ဆွေးနွေးပွဲများကို ရှေ့ရှုနိုင်လိမ့်မည်ဟုလည်း ဆိုသည်။
ယင်းအပြင် အာဆီယံ၏ ငြိမ်းချမ်းရေးမူဘောင်ဖြစ်သော “ဘုံသဘောတူညီချက် ၅ ချက်” (Five-Point Consensus) အရ မြန်မာနိုင်ငံတွင် နိုင်ငံရေးဆွေးနွေးပွဲများနှင့် ပြန်လည်သင့်မြတ်ရေးတို့အတွက် ယခုဖြစ်ပေါ်တိုးတက်မှုများကို အရှိန်အဟုန်တစ်ခုအဖြစ် အသုံးချသင့်ကြောင်း ဖိလစ်ပိုင်က ပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၂၁ ခုနှစ် အာဏာထိန်းသိမ်းမှုအတွင်း သူမ၏ ရွေးကောက်ခံအစိုးရ ဖြုတ်ချခံရကတည်းက ဖမ်းဆီးထိန်းသိမ်းခံထားရခြင်း ဖြစ်သည်။ သူမသည် အဂတိလိုက်စားမှုနှင့် မဲမသမာမှုအပါအပဝင် အမှုပေါင်းများစွာအတွက် ပြစ်ဒဏ် ၃၃ နှစ် ကျခဲ့ပြီးနောက် အစိုးရ၏ သက်ညှာမှုအရ ထောင်ဒဏ် ၂၇ နှစ်သာ ကျခံနေရသူဖြစ်သည်။
ပြီးခဲ့သည့်ဧပြီလအတွင်းက အကျဉ်းသားထောင်ပေါင်းများစွာကို မြန်မာနှစ်ဆန်းတစ်ရက်နှင့် ကဆုန်လပြည့်ဗုဒ္ဓနေ့တွင် လွတ်ငြိမ်းချမ်းသာခွင့်နှစ်ကြိမ်ပေးရာ သူမ၏ ထောင်ဒဏ်သည်လည်း နှစ်ကြိမ်ဆက်တိုက် ၆ ပုံ ၁ ပုံ လျှော့ပေါ့ခွင့်ရခဲ့ပြီးနောက် ပြစ်ဒဏ် ၁၈ နှစ်ခွဲသာ ကျန်တော့သလို သူမသည်လည်း နေအိမ်အကျယ်ချုပ် အထူးခံစားခွင့်ရခဲ့သည့်အပြင် သူမ၏ မဟာမိတ်ဖြစ်သူ သမ္မတဟောင်း ဦးဝင်းမြင့်သည်လည်း မြန်မာနှစ်ဆန်းတစ်ရက် လွတ်ငြိမ်းသက်သာဖြင့် ပြန်လည်လွတ်မြောက်လာခဲ့သည်။
Ref : Reuters
