၁. ၇. ၂၀၂၃
Written by Hey Mar

လက်ရှိကမ္ဘာမှာ နည်းပညာအသုံးမပြုနိုင်တဲ့ နည်းပညာနောက်မလိုက်နိုင်တဲ့ အဖွဲ့အစည်းတွေက အောင်မြင်နိုင်ဖို့ အခွင့်အရေးနည်းပါးတာကို တွေ့မြင်ရသလို ဖွံ့ဖြိုးတိုးတက်နေတဲ့ လုပ်ငန်းတွေအားလုံးဟာလည်း နည်းပညာကို အသုံးပြုပါတယ်လို့ ရန်ကုန်တိုင်းဒေသကြီး အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးရေးအေဂျင်စီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်က ဇွန်လ ၂၇ ရက်နေ့မှာ ကျရောက်တဲ့ International MSMEs Day မှာ ပြောကြားခဲ့ပါတယ်။

ဝန်ကြီးက “ MSMEs လုပ်ငန်းရှင်တွေအနေနဲ့လည်း နည်းပညာတွေတိုးတက်‌နေတဲ့ ခေတ်မှာ Information System နဲ့ နည်းပညာပိုင်းဆိုင်ရာတွေက Global business Environment ကို ပြောင်းလဲနေပြီး တိုးတက်နေတဲ့ နိုင်ငံတော်တော်များများက Information Technology နဲ့ IT ရဲ့ ဝန်ဆောင်မှုတွေကို ကောင်းစွာအသုံးချနေပြီလည်း ဖြစ်ပါတယ်။ IT နည်းပညာ တိုးတက်ပြောင်းလဲနေတဲ့ ခေတ်မှာ MSMEs လုပ်ငန်းများက လိုက်ပါပြောင်းလဲရမှာလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ MSMEs လုပ်ငန်းတွေကို စစ်တမ်းကောက်ကာ လုပ်ဆောင်ချက်တွေအရ Facebook တို့ Viber တို့ကို သိရှိသော်လည်း မိမိလုပ်ငန်းအတွက် ဈေးကွက်ပိုင်းဆိုင်ရာနဲ့ ပတ်သတ်တဲ့အချက်တွေသော်လည်းကောင်း Online Shopping တွေ အမြောက်အမြား ပေါ်လာသော်လည်း နည်းပညာလုံခြုံရေးအပိုင်းမှာ သိရှိမှု အားနည်းနေတာတွေ တွေ့ရပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

MCMEs လုပ်ငန်းတွေ နည်းပညာပိုင်းတွင်တွင်ကျယ်ကျယ်အသုံးပြုလာနိုင်ဖို့က ကျွမ်းကျင်တဲ့ လုပ်သားအရင်းအမြစ်၊ နည်းပညာပိုင်းပံ့ပိုးမှုတွေအပြင်၊ နိုင်ငံရဲ့ အခြေခံအဆောက်အဦတွေထဲက တစ်ခုဖြစ်တဲ့ အင်တာနက်ဆက်သွယ်ရေးကွန်ရက်တွေ ပိုမိုကောင်းမွန်မြန်ဆန်နိုင်အောင်လုပ်ဆောင်ပေးရမယ့် အခြေအနေတွေကလည်း အဟန့်အတားတစ်ခုဖြစ်နေတယ်လို့ MSMEs လုပ်ငန်းရှင်တချို့က သူတို့ရဲ့အမြင်ကို MT News ကို ပြောပါတယ်။

လောလောဆယ်မှာ MSMEs လုပ်ငန်းတွေ Digital Platform ပေါ် ရောက်ရှိနိုင်ဖို့ နိုင်ငံက Road Map တစ်ခုအနေနဲ့ အကောင်အထည်ဖော်လုပ်ဆောင်နေသလို နည်းပညာပြန့်ပွားဖို့ နည်းပညာဖြန့်ဖြူးပေးနိုင်ရေးအတွက်လည်း အလုပ်ရုံဆွေးနွေးပွဲတွေကို မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချူပ်က ပူးပေါင်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။

“အသေးစား၊ အငယ်စားနဲ့ အလတ်စား လုပ်ငန်းတွေပိုမိုအောင်မြင်ဖို့ နည်းပညာက ဘယ်လာက်အရေးပါလဲ”

ပြည်တွင်းက MSMEs လုပ်ငန်းရှင်တချို့က နည်းပညာပိုင်းကိုအသုံးချရင် ပိုကောင်းတဲ့ စီးပွားရေးဈေးကွက် ဖြစ်လာနိုင်တာကို သိရှိပေမယ့်လည်း အရည်အသွေးပြည့်ဝတဲ့ ဝန်ထမ်းခန့်ထားမှုအပိုင်းမှာ အားနည်းချက်ရှိနေတယ်လို့ ထောက်ပြကြပါတယ်။ ကွန်ပျူတာဆိုတာကို တချို့ဝန်ထမ်းငယ်တွေ လုပ်ငန်းခွင်ရောက်မှ ထိတွေ့ကိုင်တွယ်သင်ယူကြတာလည်းရှိပါတယ်။ MSMEs လုပ်ငန်းရှင်တွေအနေနဲ့ လစာမြင့်ဝန်ထမ်းတွေ မသုံးနိုင်၊ မခန့်အပ်နိုင်တဲ့အတွက် လုပ်ငန်းခွင်ထဲရောက်မှ ဝန်ထမ်းကို Inhouse Training တွေပေးပြီး ဝန်ထမ်းမွေးရပါတယ်။ အဲဒီအခါမှာလည်း ဝန်ထမ်းက အလုပ်ကထွက်သွားတဲ့အခါမျိုးမှာ ဝန်ထမ်းနေရာကို ချက်ချင်းအစားမထိုးနိုင်တဲ့အခါ အဆက်ပြတ်ရပြန်ပါတယ်။

တင့်တင့်မြန်မာမုန့်မျိုးစုံလုပ်ငန်းမှ CO-Founder တစ်ဦးဖြစ်တဲ့ ဦးတင်ထွန်းအောင်က “Digital Platform ပေါ်တက်ရင်လည်း ကျွန်တော်တို့က Third Party အနေနဲ့ပဲ သွားနိုင်တယ်။ဥပမာ – Food Panda, Shop.com, K pay စတာတွေနဲ့ပေါ့ ။ ကိုယ်ပိုင်တင်ရောင်းနိုင်တဲ့ ပလက်ဖောင်းက Facebook ပေါ့။ Website ဖွင့်ဖို့ လုပ်နေပေမယ့် ဒီမှာက Use to သိပ်မဖြစ်ကြတော့ မလုပ်ဖြစ်သေးတာပါ။ ရှိသမျှ Online Market တွေမှာတော့ ချိတ်ဆက်ထားပါတယ်” လို့ ပြောပါတယ်။

“MSMEs လုပ်ငန်းတွေ Digital အကျွမ်းတဝင်ဖြစ်ဖို့ ဘာတွေ လိုအပ်မလဲ”

မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်များအသင်းက ပြည်တွင်းက ပြုလုပ်တဲ့ Digital Application တွေ၊ Web တွေကိုလည်း လုပ်ငန်းရှင်တွေဆီအရောက် တွင်တွင်ကျယ်ကျယ်မိတ်ဆက်ပေးတာ နည်းပညာဖြန့်ဝေတာတွေ ပြုလုပ်ပေးနေသလို၊ ပြည်ပနိုင်ငံတွေက ရှိပြီးသား နည်းပညာရှင်တွေနဲ့ ပူးပေါင်းပြီး ပြည်တွင်းမှာ ဈေးသက်သက်သာသာနဲ့ သုံးနိုင်အောင်လုပ်ပေးနေတာတွေလည်း ရှိတယ်လို့ သိရပါတယ် ။

“Digital ကို အသုံးချခြင်းကနေ လူတွေအများကြီးနဲ့ အလုပ်လုပ်ရတဲ့ အလုပ်ကို စက်ထဲထည့် Run ခိုင်းလိုက်တဲ့အခါ လူက ၂၄ နာရီ အလုပ်မလုပ်နိုင်ဘူး။ စက်ကလုပ်နိုင်တယ်။ ကမ္ဘာမှာ Cloud နည်းပညာပေါ်လာတော့ လူအများကြီးလုပ်ရမယ့်အလုပ်တွေကို ချွေတာနိုင်လာတယ်။ စရိတ်ချွေတာနိုင်တာနဲ့ ထုတ်လုပ်မှုကုန်ကျစရိတ်မှာလည်း သက်သာလာတယ်။ ဈေးကွက်မှာကိုယ့်ထုတ်ကုန်က ဈေးသက်သာပြီဆိုရင် တပန်းသာပြီ။ အရာရာကတော့ အကောင်းအဆိုးဒွန်တွဲနေတာပဲ။ လူတွေကိုအုပ်ချုပ်ရတဲ့အခါမှာလည်း အုပ်ချုပ်မှုပိုင်းလုပ်ငန်းစဉ်တွေရှုပ်ထွေးသလို နည်းပညာမှာလည်း Cyber Security ဆိုတာရှိတာပဲ။ ဒါတွေကို ကိုယ်ကနားလည်ပြီး အသုံးချရမှာပါ” လို့ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်ရဲ့အထွေထွေအတွင်းရေးမှူး ဦးဇော်မင်းဦးက ပြောပါတယ်။

Digital Platform လို့ပြောရင် လုပ်ငန်းရှင်အတော်များများက Marketing ပိုင်းကိုပဲ ပိုမိုအားစိုက်ကြပြီး စီမံခန့်ခွဲရေးအပိုင်းကို သိပ်မသုံးကြတာလည်း တွေ့ရပါတယ်။ စရိတ်မြင့်တယ်လို့ ထင်ကြတာရယ်၊ အသေးစား၊ အငယ်စား၊ အလတ်စားလုပ်ငန်းတွေမို့ Skill Labour တွေ မသုံးနိုင်တဲ့အတွက် မိရိုးဖလာ ရှေးကအတိုင်း ရှိတဲ့လူကို လုပ်ငန်းသဘောနားလည်အောင်သင်ပေးပြီး အလုပ်ပြီးမြောက်အောင်ပြုလုပ်နေကြဆဲလို့ တင့်တင့်မြန်မာမုန့်မျိုးစုံလုပ်ငန်းက CO-Founder ဦးတင်ထွန်းအောင်က ဆိုပါတယ်။

သူက “ ကျွန်တော်တို့ စီမံခန့်ခွဲရေးအပိုင်းမှာဆို POS လို့ခေါ်တယ်။ Point Of Sale Software ကို သုံးသေးတယ်။ Wearhouse ပိုင်းရယ်၊ Finance အပိုင်းရယ် Marketing ပိုင်းရယ်ပေါ့။ ဒါပေမယ့် အဲဒီသုံးခုကို ချိတ်ဆက်ဆောင်ရွက်ရတဲ့ အပိုင်းကြတော့ ဝန်ထမ်းရဲ့ Skill ကလည်း မရတာတွေရှိတယ်။ ကျွန်တော်တို့လည်း ဆက်မလုပ်နိုင်ဘဲ ရပ်နေရတယ်။ တချို့ဆော့ဖ်ဝဲလ်တွေကြတော့လည်း ဈေးကြီးတော့မသုံးတော့ဘဲ လူနဲ့ပဲ သွားနေကြတာ” လို့ ဆက်ပြောပါတယ်။

“နိုင်ငံရဲ့ ဆက်သွယ်ရေးကွန်ယက် အခြေအနေကလည်းအရေးပါ”

အသေးစား၊ အငယ်စားနဲ့ အလတ်စားလုပ်ငန်းတွေက လက်ရှိပြည်တွင်းမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုနေတာက Facebook လူမှုကွန်ရက်စာမျက်နှာပါ။ တခြား Platform တွေကိုအသုံးပြုဖို့က နည်းပညာပိုင်းကိုအထောက်အပံ့သေချာပေးနိုင်ဖို့လိုအပ်တယ်လို့ COCO Care ထုတ်ကုန်တွေထုတ်လုပ်တင်ပို့ရောင်းချနေတဲ့ ဓနဇယံ ကုမ္ပဏီ လီမိတက်ရဲ့ မန်နေးဂျင်းဒါရိုက်တာ ဦးသက်ကြိုင်က ဆိုပါတယ်။

“ MSMEs တွေမှာ ထုတ်ကုန်ပစ္စည်းထုတ်ဖို့ အရေးရယ်၊ ကုန်ဈေးနှုန်းဈေးကြီးနေတဲ့အပေါ်မှာရယ် လုံးလည်ချာလည်လိုက်နေတာ။ ပြီးတော့ အများစုကလည်း နည်းပညာနဲ့ အလှမ်းဝေးကြတယ်။ တစ်ဖက်မှာလည်း ထုတ်ကုန်အရေးအားစိုက်ရတော့ သည်ဘက် နည်းပညာပိုင်းကို မလှည့်နိုင်ကြဘူး။ နောက်တစ်ခုက အင်တာနက်လိုင်းဆွဲအားတွေကလည်း ပြဿနာ။ အခု Facebook မှာတောင် ဘာပြဿနာတက်နေလဲဆိုရင် VPNကျော်သုံးရတော့ လူကသာ ရန်ကုန်ထဲက မထွက်တာ FB Region က ထိုင်းတွေ စင်ကာပူတွေရောက်နေတာ။ အရင်ကဆို ကိုယ်တိုင် Boost လုပ်လို့ရတယ်။ အခုက Target ထိအောင် ဘယ်လို Boost ရမလဲ ဆိုတာလည်းပြဿနာ။ အင်တာနက်မြန်နှုန်းတွေ လျှော့ချထားတော့ ဖုန်းလိုင်းတောင် မိတစ်ချက် မမိတစ်ချက်အခြအနေမှာ ဝင်ချင်တိုင်းဝင် တင်ချင်တိုင်းတင်ဖို့ ခက်ပါတယ်” လို့ သူ့အမြင်ကို ပြောပါတယ်။

MSMEs လုပ်ငန်းရှင်တွေအတွက်ကတော့ Digital ခရီးက မနီးနိုင်သေးတဲ့ အခြေအနေလို့ ဆိုကြပါတယ်။ မကြာသေးမီနှစ်တွေက ကမ္ဘာမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုနေပြီဖြစ်တဲ့ Cloud-Based Software ကို ပြည်တွင်း စီးပွားရေးလုပ်ငန်းတွေ အသုံးချနိုင်ဖို့နဲ့ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကိုပါ ကျော်လွှားနိုင်ရေး အဓိကဦးစားပေးဆောင်ရွက်ရမယ်လို့ MSMEs အသိုင်းအဝိုင်းက ထောက်ပြပြောဆိုကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *