၁. ၇. ၂၀၂၃
Written by Nay Aung

မြန်မာနိုင်ငံသည် ပြီးခဲ့သောရက်ပိုင်းတွင် ထုတ်ပြန်ခဲ့သော ကမ္ဘာ့ငြိမ်းချမ်းရေးအညွှန်းကိန်း Global Peace Index အဆင့်သတ်မှတ်ချက်တွင် အဆင့် ၁၄၅ နေရာ ရပ်တည်လျက်ရှိနေကြောင်း Institute for Economics & Peace (IEP)၏ ထုတ်ပြန်ချက်များအရ သိရသည်။

IEP အဖွဲ့သည် ပြီးခဲ့သောရက်ပိုင်းတွင် ကမ္ဘာ့နိုင်ငံပေါင်း ၁၆၃ နိုင်ငံ၏ ငြိမ်းချမ်းရေးအခြေအနေများကို အဆင့်သတ်မှတ်ဖော်ပြခဲ့သည်။ အဆိုပါအဖွဲ့သည် ကမ္ဘာ့နိုင်ငံပေါင်း ၁၆၃ နိုင်ငံ၏ လူ့အဖွဲ့အစည်း ဘေးကင်းလုံခြုံမှု နှင့် လုံခြုံရေး၊ အကြမ်းဖက်ဆန္ဒပြမှု၊ စစ်လက်နက် ပစ္စည်းတင်သွင်းမှု၊ ပြည်တွင်းပဋိပက္ခ၊ အကြမ်းဖက်ရာဇဝတ်မှု၊ ဒုက္ခသည်စခန်းနှင့် နေရပ်စွန့်ခွာမှု၊ စစ်လက်နက်ပစ္စည်းတင်ပို့မှု၊ ပြည်တွင်းပဋိပက္ခကြောင့်သေဆုံးသူအရေအတွက် စသောအချက်များအပါအဝင် အချက်ပေါင်း ၂၃ ချက်ကို အခြေခံကာအမှတ်ပေးပြီး ကမ္ဘာ့အဆင့်သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် ၂၀၂၃ ခုနှစ်အတွက် ထုတ်ပြန်သော  IEP ၏ ကမ္ဘာ့ငြိမ်းချမ်းရေးအဆင့်သတ်မှတ်ချက်တွင် ၂  ဒသမ ၇၄၁ မှတ်သာ ရရှိခဲ့ပြီး ကမ္ဘာအဆင့် ၁၄၅ နေရာတွင် ရပ်တည်နေခဲ့သည်။ မြန်မာနိုင်ငံသည် အာရှ-ပစိဖိတ်ဒေသရှိ နိုင်ငံပေါင်း ၁၉ နိုင်ငံအနက် ကမ္ဘာ့ငြိမ်းချမ်းရေး အညွှန်းကိန်းအဆင့်သတ်မှတ်ချက်တွင် အဆင့် ၁၈ နေရာ ရပ်တည်နေပြီး မြောက်ကိုရီးယားက အဆင့် ၁၉ နေရာတွင် ရပ်တည်နေကြောင်း IEP အဖွဲ့၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

မြန်မာနိုင်ငံသည် လက်ရှိအချိန်တွင် ပြည်တွင်းပဋိပက္ခများကြောင့်သေဆုံးမှုများ၊ အကြမ်းဖက်ရာဇဝတ်မှုများ၊ ရာဇဝတ်မှုဖြစ်ပွားမှု မြင့်တက်နေခြင်းကြောင့် ရမှတ်စုစုပေါင်း လျော့နည်းသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်က အာဏာအငြင်းပွားမှုများဖြစ်ပွားခဲ့ပြီးနောက် လက်နက်ကိုင်ပဋိပက္ခများဖြစ်ပွားလျက်ရှိနေဆဲဖြစ်ရာ လက်နက်ကိုင်အဖွဲ့များသည် ဘဏ္ဍာငွေအရင်းအမြစ်များ လိုအပ်လျက်ရှိနေပြီး မူးယစ်ဆေးဝါးရောင်းဝယ်မှုများ၊ ရာဇဝတ်ဂိုဏ်းအဖွဲ့အစည်းအရေအတွက် မြင့်တက်လာခဲ့ကြောင်းသိရသည်။

IEP အဖွဲ့၏ ၁၇ ကြိမ်မြောက်ထုတ်ပြန်သော ကမ္ဘာ့ငြိမ်းချမ်းရေးအညွှန်းကိန်းအဆင့်သတ်မှတ်ချက်တွင် အိုက်စလန်နိုင်ငံက ထိပ်ဆုံးတွင်ရပ်တည်နေပြီး အာဖဂန်နစ္စတန်နိုင်ငံက အောက်ဆုံးတွင်ရပ်တည်နေသည်။ အာဆီယံဒေသတွင်းနိုင်ငံတစ်နိုင်ငံဖြစ်သော စင်ကာပူနိုင်ငံသည် IEP အဖွဲ့က ထုတ်ပြန်သော ကမ္ဘာ့ငြိမ်းချမ်းရေးအညွှန်းကိန်းအဆင့်သတ်မှတ်ချက်တွင် အဆင့် ၆ နေရာတွင်ရပ်တည်နေရာ အာဆီယံနိုင်ငံများထဲ၌ ငြိမ်းချမ်းမှုအရှိဆုံးနိုင်ငံအဖြစ် ရပ်တည်နေကြောင်း သိရသည်။

Ref- Institute for Economics & Peace (IEP)

Leave a Reply

Your email address will not be published. Required fields are marked *