၁. ၇. ၂၀၂၃
Written by Peya

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ယနေ့ ဇူလိုင်လ ၁ ရက် နံနက်ပိုင်းက ပစ်ခတ်မှုဖြစ်ခဲ့ရာ လူ ၃ ဦး သေဆုံး၍ ပိတ်ဆို့ရှာဖွေမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများထံက ရရှိသော အချက်အလက်များအရ ကနဦးသတင်း ရရှိသည်။

စစ်တွေမြို့တွင် လက်နက်ကိုင်များအဖြစ် AA နှင့် ALP တို့လည်း ရှိနေခြင်းဖြစ်ပြီး ဇူလိုင်လ ၁ ရက် နံနက်ပိုင်း ၁၀ နာရီအချိန်ခန့်က ပစ်ခတ်မှုဖြစ်ခဲ့ခြင်းဖြစ်ကြောင်း စစ်တွေမြို့ခံတစ်ဦးက MT News သတင်းဌာနသို့ ပြောသည်။

“မင်းဂံကနေ တက္ကသိုလ် သွားတဲ့လမ်းရှိတယ်။ အဲ့ဒီလမ်း မရောက်ခင်တည်းက ကားကို ဆိုင်ကယ်တစ်စီးနဲ့ လူ ၂ ယောက်က လိုက်ပစ်တာလို့ သိရတယ်။ ကားထဲမှာက လူ ၆ ယောက်ပါတယ် ဆိုတယ်။ သိရသလောက်ကတော့ ၃ ယောက်က ပွဲချင်းပြီး ဆုံးတယ်။ ၃ ယောက်က ဆေးရုံကို တင်ထားရတယ်လို့ ကနဦး သိရသည်။ ဒါက အကြမ်းဖျင်း သိရတာပါ။ သေချာ သိရတာမျိုးတော့ မဟုတ်သေးဘူး” ဟု ၎င်းက ဆိုသည်။

ဖြစ်စဉ် ဖြစ်ပွားပြီးနောက် အခင်းဖြစ်ရာလမ်းကို ပိတ်ထားကာ စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး နေ့လည်ပိုင်း ၂ နာရီ လောက်မှ ဖွင့်ပေးခဲ့ခြင်းဖြစ်ကာ လုံခြုံရေးတပ်ဖွဲ့ဝင်များ ဖြင့် စစ်ဆေးရှာဖွေမှုများ ပြုလုပ်ခဲ့ကြောင်းလည်း အဆိုပါ မြို့ခံက ရှင်းပြသည်။

စစ်တွေမြို့တွင် ယခုဖြစ်စဉ် မဖြစ်ပွားမီကပင် လုံခြုံရေးကို တိုးမြှင့်ထားပြီး ရှာဖွေမှုများကိုလည်း ယခင်ထက် ပိုမို ပြုလုပ်လာကြောင်းလည်း သိရသည်။

MT News သတင်းဌာနအနေဖြင့် အဆိုပါဖြစ်စဥ်အပေါ် ဆက်လက်စုံစမ်းနေပြီး ထပ်မံသိရှိရသည်များကို ဖော်ပြပေးမည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *