ပြင်သစ်နိုင်ငံတစ်ဝန်း အကြမ်းဖက်ဆန္ဒပြမှုများဖြစ်ပွားနေမှု မြင်ကွင်းများကို တွေ့ရစဉ်။

ဆန္ဒပြပြည်သူများက ပြင်သစ်ရဲတပ်ဖွဲ့၏ အသားအရောင်ခွဲခြားဆက်ဆံမှုကို မကျေမနပ်ဖြစ်နေ

၁. ၇. ၂၀၂၃
Translated by Htwe Ko Tun

အသက် ၁၇ နှစ်အရွယ် လူငယ်တစ်ဦးက ပြင်သစ်နိုင်ငံ၊ ပါရီမြို့တွင် ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် ဇွန်လ ၂၇ ရက်တွင်သေဆုံးခဲ့ရသည့်အတွက် မကျေနပ်မှုများမှ စတင်လာခဲ့သော ဆန္ဒပြမှုများက ပြင်သစ်နိုင်ငံတစ်ဝန်း အဓိကရုဏ်းများအသွင်ဖြင့် ဇွန်လ ၃၀ ရက် ညတွင်လည်း စတုတ္ထမြောက်ညအဖြစ် ဆက်လက် ဖြစ်ပွားလျက်ရှိနေပြီး ရဲတပ်ဖွဲ့ကလည်း အကြမ်းဖက်ဆန္ဒပြမှုပြုခဲ့ကြသူ လူ ၁,၀၀၀ နီးပါးကို ဖမ်းဆီးထားကြောင်း သိရသည်။

ပြင်သစ်အစိုးရက အကြမ်းဖက်ဆန္ဒပြမှုများပြုလုပ်ခြင်းကို တားမြစ်ခဲ့သော်လည်း ၎င်းအမိန့်အား အာခံ ဆန့်ကျင်သည့်အနေဖြင့် ဇူလိုင်လ ၁ ရက်နံနက်တွင် ဆန္ဒပြမှုများ ဆက်လက်ဖြစ်ပွားလျက်ရှိသည်။ ပြင်သစ်အစိုးရအဖွဲ့ ပြည်ထဲရေးဝန်ကြီးဌာနက ဇူလိုင်လ ၁ ရက် နံနက်အထိ ဖမ်းဆီးထားသော အကြမ်းဖက်ဆန္ဒပြသူပေါင်း ၉၉၄ ဦး ရှိခဲ့ပြီဖြစ်ကြောင်းလမ်းများပေါ်တွင် ပစ်ခတ်မှု ၂,၅၆၀ ကြိမ်ပြုခဲ့ရကြောင်း၊ အကြမ်းဖက်ဆန္ဒပြမှုများအတွင်း ကားစင်းရေ ၁,၃၅၀ မီးရှို့ဖျက်ဆီးခံရကာ အဆောက်အအုံများအတွင်း ထိခိုက်ပျက်စီးမှု(သို့မဟုတ်) ပစ်ခတ်မှု ၂၃၄ ကြိမ်ရှိခဲ့ကြောင်း ကြေညာခဲ့သည်။

ပြင်သစ်နိုင်ငံတစ်ဝန်း အကြမ်းဖက်ဆန္ဒပြမှုများဖြစ်ပွားနေမှု မြင်ကွင်းများကို တွေ့ရစဉ်။

ဆန္ဒပြမှုများအတွင်း ရဲတပ်ဖွဲ့စခန်းနှင့် အပျော်တန်းရဲတပ်ဖွဲ့ Gendarme တပ်ဖွဲ့စခန်းများ ၅၈ ကြိမ် တိုက်ခိုက်ခံခဲ့ရပြီး ဇူလိုင်လ ၃၀ ရက် ညအတွင်း၌ပင် ရဲတပ်ဖွဲ့နှင့် အပျော်တန်းရဲတပ်ဖွဲ့ တပ်ဖွဲ့ဝင် ၇၉ ဦး ဒဏ်ရာရခဲ့ကြောင်းသိရသည်။

ပြင်သစ်အစိုးရထိပ်ပိုင်းတာဝန်ရှိသူများက ဆန္ဒပြသူများအား စိတ်ရှည်ကြရန်နှင့် တရားဥပဒေအရ ဆောင်ရွက်မှုကို သည်းခံစောင့်ဆိုင်းကြရန်ပြောခဲ့သည်။ သို့သော် ဇွန်လ ၂၇ ရက်က ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသည့် Nahel.M အမည်ရှိလူငယ်မှာ အယ်လ်ဂျီးရီးယားမျိုးနွယ်တစ်ဦးဖြစ်ပြီး လူငယ်အမျိုးသားနှင့် အမျိုးသမီးများ အထူးသဖြင့်ပါဝင်သော ကြီးမားသည့်ဆန္ဒပြပြည်သူများက ရဲတပ်ဖွဲ့၏ အသားအရောင်၊ လူမျိုးခွဲခြားဆက်ဆံမှုကို မကျေမနပ်ဒေါသဖြစ်လျက်ရှိကြသည်။

ပြင်သစ်နိုင်ငံတစ်ဝန်း အကြမ်းဖက်ဆန္ဒပြမှုများဖြစ်ပွားနေမှု မြင်ကွင်းများကို တွေ့ရစဉ်။

တစ်နိုင်ငံလုံး၌ အရှိန်အဟုန်မြှင့် ဆက်လက်ဖြစ်ပွားနေသော အကြမ်းဖက်ဆန္ဒပြမှုများကြောင့် ပြင်သစ်နိုင်ငံတစ်ဝန်း ရဲတပ်ဖွဲ့ဝင်များ၊ အထူးတပ်ဖွဲ့ဝင်များ စုစုပေါင်း ၄၅,၀၀၀ ခန့်နှင့် သံချပ်ကာကားများ၊ ရဟတ်ယာဉ်များပါ တပ်ဖြန့်ချထားရကြောင်းလည်း သိရသည်။

Ref—– CNN

Leave a Reply

Your email address will not be published. Required fields are marked *