◾ နန်ကျင်စီးပွားရေးဇုန် တည်ဆောက်ရန် ဆွေးနွေးမည့် တရုတ်နိုင်ငံမှ ကောင်စစ်ဝင်(၁)ဦး ပါဝင်သည့်အဖွဲ့အား နယ်ခြားစောင့်တပ်က ပစ်ခတ်သည်ဟု မီဒီယာများမှ စွပ်စွဲချက် မှားယွင်းပြီး အမှန်မှာ တရုတ်တပ်မတော်မှပုဂ္ဂိုလ်များဖြစ်ကာ KIA က ပစ်ခတ်ခဲ့ဟု သိရ

MT News

Written by Nay Moe

နန်ကျင်းစီးပွားရေးဇုန် တည်ဆောက်ရန် ဆွေးနွေးမည့် တရုတ်နိုင်ငံမှ ကောင်စစ်ဝင်(၁)ဦး ပါဝင်သည့် အဖွဲ့အား နယ်ခြားစောင့်တပ်က ပစ်ခတ်သည်ဟု မီဒီယာများမှ စွပ်စွဲချက် မှားယွင်းပြီး ထိုဖြစ်စဥ်တွင် ပါဝင်သူများမှာ တရုတ်တပ်မတော်မှပုဂ္ဂိုလ်များဖြစ်ကာ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား နယ်စပ်ဒေသဆွေးနွေးပွဲလာရောက်စဥ် KIA က ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု SAC ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဇွန်လ ၂၉ ရက်တွင် ပြောသည်။

အဆိုပါဖြစ်စဥ်မှာ သတင်းမီဒီယာအချို့မှ ဇွန်လ ၂၇ ရက်တွင် တရုတ်နိုင်ငံမှ ကောင်စစ်ဝန်တစ်ဦးပါဝင်သော အဖွဲ့သည် ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ နန်ကျင်စီးပွားရေးဇုန်အတွက် ဆွေးနွေးရန်ထွက်ခွာလာချိန် ပစ်ခတ်ခံရပြီး ထိုသို့ပစ်ခတ်သည့်အဖွဲ့မှာလည်း နယ်ခြားစောင့်တပ်ဖြစ်သည်ဟု သတင်းမီဒီယာအချို့ကစွပ်စွဲ၍ မဟုတ်မမှန်သတင်းများ တွေ့ရကြောင်းနှင့် ဖြစ်စဥ်မှာ တရုတ်နိုင်ငံက ကောင်စစ်ဝန်လည်းမဟုတ်၊ နန်ကျင်စီးပွားရေးဇုန်အတွက်လည်း မဟုတ်ဘဲ နယ်​ခြားဒေသများတွင် တပ်မတော်အချင်းချင်းလစဥ်ပုံမှန်ဆွေးနွေးပွဲဖြစ်ပြီး ထိုသို့ဆွေးနွေးပွဲများကို မြန်မာနိုင်ငံတွင်တစ်လှည့်၊ တရုတ်နိုင်ငံတွင် တစ်လှည့်ဆွေးနွေးကာ ထိုသို့သောဆွေးနွေးမှုများကို အိမ်နီးချင်းနိုင်ငံများနှင့် ပုံမှန်ဆွေးနွေးရသည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

“ဒီဆွေးနွေးပွဲတက်ရောက်ဖို့ တရုတ်နိုင်ငံက တပ်မတော်ဆိုင်ရာကိုယ်စားလှယ်များ မြန်မာနိုင်ငံကို လာရောက်ခဲ့တာရှိပါတယ်။ ဇွန်လ ၂၇ ရက် မနက်ပိုင်းမှာ လာရောက်ခဲ့တယ်။ ကန်ပိုင်တည်ဘက်ကနေ လာခဲ့တာဖြစ်ပါတယ်။ အဲဒီမှာ တပ်မတော်နဲ့ နယ်ခြားစောင့်တပ်က လုံခြုံရေးတပ်ဖွဲ့တွေက သွားရောက်ကြိုဆိုခဲ့တာရှိပါတယ်။ အဲဒီအထဲကမှ နယ်ခြားစောင့်တပ်ရဲ့ ရှေ့ပြေးဒုတိယယာဥ်က ၁၃ ကီလိုမီတာအကွာလောက်မှာ လက်နက်ငယ်နဲ့ ငါးချက်ပစ်ခတ်ခံရပါတယ်။ ထိခိုက်ဒဏ်ရာရမှုမရှိပါဘူး။ လက်နက်ငယ်နဲ့ငါးချက်ပစ်ခတ်ခံရတော့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အဲဒီဘေးတစ်နေရာမှာ လုံခြုံရေးအရ လုံခြုံမှုရအောင် ဆောင်ရွက်ခဲ့တာရှိပါတယ်။ အဲဒီနေရာမှာ ပြန်လည် လုံခြုံမှုရအောင်လုပ်ပြီးတဲ့အခါမှာ အဲဒီယာဥ်တန်းက မြစ်ကြီးနားကို ပြန်လည်ထွက်ခွာလာခဲ့တယ်။ ပြီးတော့ မူလအစီအစဥ်တိုင်းပဲ နှစ်ဖက်တွေ့ဆုံပြီး အစည်းအဝေးများပြုလုပ်ခဲ့တာရှိပါတယ်။ အောင်မြင်စွာပြီးဆုံးသွားပါတယ်။ တရုတ်နိုင်ငံက တပ်မတော်ကိုယ်စားလှယ်အဖွဲ့များလည်း ပြည်ပသို့ ပြန်လည်ထွက်ခွာခဲ့ပြီဖြစ်ပါတယ်။ ပစ်ခတ်တဲ့အဖွဲ့က KIA အဖွဲ့ဆိုတာ အတည်ပြုလို့ရပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ထိုသို့ KIA က ပစ်ခတ်ပြီးနောက် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံအကြား၊ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား အထင်အမြင်လွဲမှားမှုဖြစ်လာအောင် ပြည်ပမီဒီယာများက ဝိုင်းဝန်းသွေးထိုးလှုံ့ဆော်ကြသည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆက်လက်ပြောပြီး ထိုဖြစ်စဥ်နှင့်ပတ်သက်၍ လုံခြုံရေးအရ အရေးယူဆောင်ရွက်မှုများ ဆက်လက်လုပ်ဆောင်မည်ဟုလည်း ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *