၁. ၁၀.၂၀၂၆
Written by KL
ရန်ကုန်- မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင် ၆၈/၄ နှင့် ၆၈/၅ ကြား၊ နေပြည်တော်ဘက်မှ ရန်ကုန်သို့အပြန်လမ်းတွင် လမ်းမကြီးဘေး မြေသားပေါ် လမ်းလျှောက်နေသော လူနှစ်ဦးကို ကားဖြင့် တိုက်ကာ သေဆုံးမှုနှင့်ပတ်သက်၍ ထွက်ပြေးတိမ်းရှောင်သူ ယာဥ်မောင်းကို နာရီပိုင်းအတွင်း ပြန်လည်ဖမ်းမိခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့ထံမှ သိရသည်။
စက်တင်ဘာလ ၂၉ ရက် ည ၉ နာရီ ၃၅ မိနစ်ခန့်က လက်ယာဖက်ယာဉ်ကြောနှင့်ကပ်လျက် မြေသားပေါ် တွင် လမ်းလျှောက်နေသော အမျိုးသားနှစ်ဦးကို Toyota Noah အမျိုးအစား အနက်ရောင် မော်တော်ယာဉ်က အနောက်မှ ဝင်ရောက်တိုက်မိခဲ့ပြီး အတိုက်ခံရသူ နှစ်ဦး၏ နဖူး၊ ရင်ဘတ်၊ညာလက်နှင့် ခြေခုံတို့တွင် ဒဏ်ရာများ ရရှိကာ နေရာတွင်ပင် သေဆုံးခဲ့ကြောင်း သိရသည်။
ယာဥ်မောင်း အမျိုးသားက မြေသားလမ်းပေါ် မော်တော်ယာဥ်ကို ရပ်ကာ ထွက်ပြေးခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင်များက လိုက်လံရှာဖွေရာ စက်တင်ဘာလ ၃၀ ရက် နံနက် ၁၂ နာရီ ၃၀ မိနစ်က အမြန်လမ်း မိုင်တိုင်အမှတ် ၆၉/၄အနီး၌ မော်တော်ယာဥ်များကို တားကာ လမ်းကြုံလိုက်ခွင့်တောင်းနေစဥ် ပြန်လည်ဖမ်းမိခဲ့ကြောင်း သိရသည်။.
ဖမ်းမိသူ မော်တော်ယာဥ်မောင်းမှာ အသက် ၃၆ နှစ်အရွယ် ဇော်မင်းထိုက်ဖြစ်ပြီး ယာဥ်တိုက်မှုကြောင့် မော်တော်ယာဥ်မှာ အရှေ့လေကာမှန်ကွဲ၊ ယာဥ်ရှေ့ခေါင်းပိုင်းပိန်ချိုင့်ကာ ညာဘက်နောက်ကြည့်မှန်ပြုတ်ထွက်ပြီး ယာဥ်အရှေ့ဘောနတ်အဖုံးပိန်ချိုင့်ကာ ပျက်စီးခဲ့ကြောင်း သိရသည်။
အမျိုးသားနှစ်ဦးကို ကားဖြင့်တိုက်ကာသေဆုံးစေပြီး ထွက်ပြေးတိမ်းရှောင်ခဲ့သော ဇော်မင်းထိုက်ကို အုတ်ရှစ်ကုန်းအမြန်လမ်းရဲစခန်းက ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၀၄-က ၊ ၂၀၂ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရသည်။
