၁.၁၀.၂၀၂၆
Written by Linn Eain
(၆၁) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို အောက်တိုဘာ ၈ ရက်မှ အောက်တိုဘာ ၁၇ ရက်အထိ ၁၀ ရက်ကြာ ကျင်းပမည်ဖြစ်ကြောင်း စက်တင်ဘာ ၃၀ ရက် ရက်က နေပြည်တော် မဏိရတနာကျောက်စိမ်းခန်းမတွင် ပြုလုပ်ခဲ့သည့် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီ(ဒုတိယအကြိမ်) အစည်းအဝေးမှ သိရသည်။
(၆၁) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ပုလဲအတွဲ ၇၀၀၊ ကျောက်မျက်အတွဲ ၁၆၀ နှင့် ကျောက်စိမ်း (အေ) အုပ်စု၊ အတွဲ ၃၅၀၊ (ဘီ) အုပ်စု ၁၂၅၅ တွဲ၊ (စီ) အုပ်စု ၁၄၆၈ တွဲ စုစုပေါင်း ကျောက်စိမ်းအတွဲ ၃၀၇၃ တွဲတို့ကို သတ်မှတ်ရက်အလိုက် တင်ဒါစနစ်ဖြင့် ရောင်းချသွားရန် စီစဉ်ထားကြောင်း သိရသည်။
ထို့ပြင် ရတနာကုန်သည်များက အာမခံစပေါ်ငွေနှင့် ကျောက်အတွဲတန်ဖိုးငွေများကို အမေရိကန်ဒေါ်လာ (သို့မဟုတ်) အမေရိကန်ဒေါ်လာနှင့်ညီမျှသည့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က လက်ခံသည့် နိုင်ငံခြားငွေအမျိုးအစား (သို့မဟုတ်) မြန်မာကျပ်ငွေနှင့် ပေးသွင်းနိုင်ရေးအတွက် ယခင်ပြပွဲများနည်းတူ ကျောက်အတွဲအမျိုးအစားအလိုက် သတ်မှတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦးက အဆိုပါအစည်းအဝေးတွင် ပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက အမေရိကန်ဒေါ်လာနှင့်ညီမျှသော ငွေလဲလှယ်နှုန်းထားများ သတ်မှတ်ရာတွင် ပြည်တွင်း ပြည်ပရတနာကုန်သည်များက ပုလဲအတွဲ၊ ကျောက်မျက်အတွဲနှင့် သတ်မှတ်အုပ်စုပါ ကျောက်စိမ်းအတွဲများအတွက် အာမခံစပေါ်ငွေနှင့် တန်ဖိုးနှုန်းထားများကို နိုင်ငံတော်က နစ်နာမှုမရှိစေရေး၊ ပြည်တွင်း ပြည်ပရတနာကုန်သည်များက ဈေးနှုန်းအပြိုင်ပေး၍ ဝယ်ယူစေရေးတို့အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် ပုဂ္ဂလိကဘဏ်များက ထုတ်ပြန်သည့် နိုင်ငံခြားငွေလဲလှယ်နှုန်းများအနက် အမြင့်ဆုံးငွေလဲလှယ်နှုန်းနှင့် သတ်မှတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယင်းသို့ သတ်မှတ်ရာတွင် ပြပွဲစတင်ကျင်းပသည့် အောက်တိုဘာ ၈ ရက်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် ပုဂ္ဂလိကဘဏ်များက ထုတ်ပြန်သည့် နှုန်းထားများကိုရယူပြီး သတ်မှတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီဝင်များ၊ မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက သက်ဆိုင်ရာလုပ်ငန်းကော်မတီအလိုက် ဆောင်ရွက်ထားရှိမှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြမှုအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
