၁.၁၀.၂၀၂၆
Written by Thiri
သမီးဖြစ်သူ သေဆုံးမှုအပေါ် မသင်္ကာတဲ့ မိခင်ဖြစ်သူရဲ့ အကြောင်းကြားချက်အရ တာဝန်ရှိသူတွေ သွားရောက်စစ်ဆေးရာမှာ သေဆုံးအမျိုးသမီးရဲ့ ခန္ဓာကိုယ်ပေါ်မှာ ထိုးသွင်းဒဏ်ရာတွေနဲ့ အညိုအမည်းစွဲဒဏ်ရာတွေ တွေ့ရှိခဲ့ရတဲ့ ဖြစ်စဉ် ပဲခူးမြို့၊ ဥဿာမြို့သစ်မှာ ဖြစ်ပွားခဲ့တာကြောင့် အမျိုးသမီး သေဆုံးမှုကို ရဲတပ်ဖွဲ့က တရားခံဖော်ထုတ်နိုင်ရေး အရှိန်အဟုန်မြှင့် စုံစမ်းလျက်ရှိကြောင်း သိရပါတယ်။
မနေ့က စက်တင်ဘာ ၃၀ ရက် မွန်းလွဲ ၃ နာရီ ၄၀ မိနစ်ခန့်က ဥဿာမြို့သစ် (၈) ရပ်ကွက်၊ မြို့ရှောင်လမ်းဘေးမှာ နေထိုင်တဲ့ ဒေါ်ဝင်းမာ (၅၁) နှစ်က သမီးဖြစ်သူ မဇင်မျိုးစံ (၃၀) နှစ်မှာ ရေချိုးရင်း သေဆုံးသွားကြောင်း နယ်မြေရဲစခန်းသို့ သတင်းပေး အကြောင်းကြားခဲ့တာကြောင့် ရဲအုပ်ဦးစီးတဲ့ ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးရာ သေဆုံးသူ မဇင်မျိုးစံရဲ့ ခန္ဓာကိုယ်မှာ သဘာဝမဟုတ်တဲ့ ထိုးသွင်းဒဏ်ရာတွေနဲ့ ညိုမဲစွဲဒဏ်ရာများစွာ တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။
သေဆုံးရတဲ့ အကြောင်းရင်းမှန်နဲ့ ဒဏ်ရာတွေကို အသေးစိတ် စစ်ဆေးနိုင်ဖို့ ရုပ်အလောင်းကို ပဲခူးပြည်သူ့ဆေးရုံကြီးဆီ ရဲဆေးစာနဲ့ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
သဘာဝအတိုင်း သေဆုံးခြင်းမဟုတ်ဘဲ ပြစ်မှုကျူးလွန်ခံထားရတဲ့ လက္ခဏာတွေ တွေ့ရှိရတာကြောင့် တရားခံကို အမြန်ဆုံး ဖော်ထုတ်ဖမ်းဆီးနိုင်ရေး တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်လျက်ရှိပြီး လက်ရှိမှာအဆိုပါ ဖြစ်စဉ်နဲ့ ပတ်သက်လို့ သက်ဆိုင်ရာ နယ်မြေရဲစခန်းက တရားခံကို ဖော်ထုတ်နိုင်ရေးနဲ့ ဥပဒေအတိုင်း ထိရောက်စွာ အမှုဖွင့် အရေးယူနိုင်ရေးအတွက် ပတ်ဝန်းကျင် အခြေအနေတွေကို ဆက်လက် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။
